Thursday, October 27, 2011

ခွသ်တဗါ ( ၅၀) ဇွလ်ဟဂ်ျလ

 ခွသ်တဗါ ( ၅၀) ဇွလ်ဟဂ်ျလ 


လေးစားရပါတဲ့ညီနောင်အပေါင်းတို့ခင်ဗျား-

မကြာခင်မှာပဲ ဇွလ်ဟဂ်ျလကျရောက်ပါတော့မည်။ အဲဒီလမှာ အစ္စလာမ် သာသနာတော်နှင့် ပတ်သက်တဲ့ ထူးခြားတဲ့ကျင့်စဉ်တွေ
ရှိနေပါတယ်။ အဲဒီလရဲ့ သတ်မှတ်နေ့ရက်တွေအတွင်းမှာ ကုရ်ဗာနီလုပ်ကြရတာကလည်း ထူးခြားတဲ့ကျင့်စဉ်ပါ။ ကုရ်ဗာနီနှင့်
ပတ်သက်လို့ ကုရ်ဗာနီအီးဒ်နေ့ပဲ ဟောကြားပါ့မည်။ အဒီလထဲမှာ ရိုဇာဟ်ထားရတဲ့ ကိစ္စ၊ ညကာလမှာ အိဗာဒသ်လုပ်ရတဲ့
ကိစ္စရှိနေပါတယ်။ အဲဒီအကြောင်းကိစ္စတွေကိုပဲ ဒီနေ့ခွသ်ဗါမှာ ဟောကြားပါမည်။

၁။ ဇွလ်ဟဂ်ျလ ပထမ ၁၀ ရက်ထဲမှာ တရားအားထုတ်ကျင့်ဆောင်တဲ့ ရက်ထက်ပိုပြီး အလ္လာဟ်အရှင်မြတ်(စွဗ်ဟာနဟူဝသအာလာ)
နှစ်သက်တော်မူတဲ့ တခြားရက်မရှိဘူး။ အဲဒီရက် တရက်ရဲ့ ရိုဇဟ်ဟာ တနှစ် ရိုဇဟ်စောင့်တာနှင့် ညီမျှတယ်။ အဲဒီရက်တွေရဲ့
ညမှာ တရားကျင့်တာဟာ ကဒရ်ညမှာ တရားကျင့်တာနှင့်ညီမျှတယ်"လို့ နဗီတမန်တော်မြတ်(ဆွ)က အသိပေးတော်မူထားပါတယ်။
ဇွလ်ဟဂ်ျလ ပထမ ၁၀ ရက်နေ့ဟာ အီးဒ်နေဖြစ်လို့ အဲဒီနေ့မှာ ရိုဇဟ်ထားတာ ဟရာမ်ပါ။ ဇွလ်ဟဂ်ျလ ပထမ ၁၀ ရက်ထဲမှာ
အရဖှာနေ့မှာ ရိုဇဟ်ထားဖို့ နှိုးဆော်တဲ့စကားအများကြီး လာရှိပါတယ်။

၂။ အရဖှာနေ့ရဲ့ ရိုဇဟ်ကြောင့် မနှစ်ကနှင့် နောက်လာမဲ့နှစ်ရဲ့ ငရဲတွေပျောက်ပြယ်ကုန်လိမ့်မည်...လို့ အလ္လာဟ်အရှင်မြတ် (စွဗ်ဟာနဟူဝသအာလာ)ထံတော်မှာ ငါမျှော်ကိုးမိတယ်လို့ တမန်တော်မြတ်(ဆွ)က ထုတ်ဖေါ်မိန့်တော်မူပါတယ်။
ဇွလ်ဟဂ်ျလ ၉ ရက်နေ့ဟာ အရဖှာနေ့ပါ။ အဲဒီအရဖှာနေ့မှာ ရိုဇဟ်ထားလျှင် ဘယ်လောက်ကုသိုလ်အကျိုးများတယ်ဆိုတာကိုတော့
အဲဒီဟဒီးစ်တော်အရပဲ သိရပါပြီ။
အဲဒီထူးမြတ်တဲ့ ၁၀ ရက်မှာ သပ်က်ဗီးရ်ဆိုဖို့လည်း ညွန်ကြားတော်မူထားပါတယ်။ ဖရ်ဇ်နမားဇ်ဖတ်ပြီးတိုင်း သပ်က်ဗီးရ်ကို မတိုးမကျယ်တဲ့အသံနှင့် ရွတ်ဆိုရပါတယ်။

၃။ ဟဇရတ် အဗ်ဒွလ္လာဟ်အိဗနုမတ်စ်အူးဒ်(ရဒွိယလ်လာဟုအန်ဟု)ဟာ အရဖှာနေ့ ဖဂျရ်နမားဇ်အပြီးကနေ ကုရ်ဗာနီနေ့အဆရ်နမားဇ်အပြီးထိ အလ္လာဟုအပ်က်ဗရ် အလ္လာဟုအပ်က်ဗရ်၊ လာအိလာဟအစ်လ္လလ္လာဟု ဝလ္လာဟုအပ်က်ဗရ်၊
အလ္လာဟုအပ်က်ဗရ် ဝလစ်လ္လာဟစ်လ် ဟမ်းဒ် လို့ သပ်က်ဗီးရ် ရွတ်ဆိုတော်မူလေ့ရှိတယ်လို့ ကျမ်းဂန်တွေမှာ လာရှိပါတယ်။

၎။ ဟဇရတ်အလီ (ရဒွိယလ်လာဟုအန်ဟု)သခင်ကြီးကတော့ ဇွလ်ဟဂ်ျလ ၉ ရက် အရဖှာနေ့ ဖဂျရ်နမားဇ်အပြီးကနေ
အိုက်ယာမုသပ်ယှရီးက်-ဇွလ်ဟဂ်ျလ ၁၃ ရက်နေ့ အဆရ်နမားဇ်အပြီးအထိ ဖရ်ဇ်နမားဇ်ဖတ်ပြီးတိုင်း ဖေါ်ပြခဲ့တဲ့သပ်က်ဗီးရ်
ရွတ်ဆိုတော်မူလေ့ရှိတယ်လို့လည်း ကျမ်းဂန်တွေမှာလာရှိပါတယ်။

အခုတင်ပြခဲ့တဲ့ ဟဒီးစ် ၂ ပုဒ်က ဖရ်ဇ်နမားဇ်ပြီးတိုင်း သပ်က်ဗီးရ်ရွတ်ဆိုဖို့လိုအပ်တဲ့အကြောင်းထောက်ပြထားပါတယ်။
ဟဇရတ်အလီ (ရဒွိယလ်လာဟုအန်ဟု သခင်ရဲ့ ရိဝါယသ်ဟာ အထောက်အထား ပိုပြီးမှန်ကန်ခိုင်မှာလို့ အဲဒီအတိုင်းပဲ အရဖှာနေ့
ဖဂျရ်နမားဇ်အပြီးကစပြီး အိုက်ယာမုသပ်ယှရီးက် နောက်ဆုံးရက်ရဲ့ အဆရ်နမားဇ်အပြီးထိ၊ အဲဒီသပ်က်ဗီးရ်တစ်ကြိမ်ဆိုဖို့
ဟန္နဖီမပ်ဇ်ဝင်များအဖို့ ဝါဂျစ်ဗ်တာဝန်ထိုက်တယ်။ ဟဇရတ် အဗ်ဒွလ္လာဟ်အိဗနုမတ်စ်အူးဒ်(ရဒွိယလ်လာဟုအန်ဟု)ရိဝါယသ်မှာ
နောက်နေ့တွေမှာ ဆက်မဖတ်ရဘူးလို့ တားမထားလို့ အဲဒီဟဒီးစ်နှစ်ခုဟာ ထိပ်တိုက်တွေ့ရာ မရောက်ပါဘူး။

သူတော်စဉ်များခင်ဗျား-
ရမဇာန်လရဲ့ နောက်ဆုံးခွသ်ဗါမှာ ရမဇာန်နောက်ဆုံး ၁၀ ရက်ရောက်လျှင် အိတိကားဖ်ထိုင်ပြီး တရားကျင့်ဖို့နှင့် အီဒွလ်ဖိတိရ်နေ့မှာ အီးဒ်နမားဇ်နှင့် ခွသ်တဗါကို လက်မလွှတ်ဖို့ အသိပေးခဲ့ပြီးပါပြီ။ အရေးကြီးအရာရောက်လွန်းလှတဲ့
အီးဒ်ညတွေနှင့်ပတ်သက်လို့ ဒီနေ့ခွသ်တဗါမှာ ထပ်လောင်းပြီး တင်ပြပါရစေ။

* အီးဒ်ညမှာ အထူးဂရုစိုက်ပြီး တရားအားထုပ်စေလိုပါတယ်။

* အီးဒ်ညမှာ တရားအားထုတ်တဲ့ သူရဲ့စိတ်နှလုံးဟာ ကိယာမသ်နေ့မှာ ပျော်မြူးကြည်နူးနေပါလိမ့်မည်။

* အီးဒ်နေ့မှာ နမားဇ်နှစ်ရကတ် ဖတ်ရတာ ဝါဂျစ်ဗ်တာဝန်ဖြစ်ပါတယ်။

* အီးဒ်နမားဇ်ပြီးလျှင် ခွသ်တဗါကို နားထောင်ရတာကလည်း ဝါဂျစ်ဗ်တာဝန်ဖြစ်ပါပဲ။

* ခွသ်တဗါဖတ်နေတဲ့အချိန်မှာ ထိုင်ရကမထပဲ ထိုင်မြဲထိုင်နေပြီး တိတ်တိတ်ဆိတ်ဆိတ် နားထောင်နေရပါတယ်။

သူတော်စဉ်များခင်ဗျား-
ညဆယ်ည ၊ အရဖှာနေ့၊ ကုရ်ဗာနီနေ့နှင့် ပတ်သက်ပြီး" ငါအရှင်မြတ်က နံနက်မိုးသောက်ချိန်ကို သက်သေထူတော်မူတယ်၊
အဲဒီအပြင်ငါအရှင်မြတ်က ညဆယ်ညကို သက်သေထူတော်မူတယ်၊ အဲဒီအပြင်ငါအရှင်မြတ်ကစုံကျတဲ့နေ့ကို၊ မကျတဲ့နေ့ကို သက်သေထူတော်မူတယ်..."လို့ စူရာ ဖဂျရ်မှာလာရှိပါတယ်။
* ညဆယ်ညဆိုတာ ဇါလ်ဟဂ်ျလ ပထမဆယ်ရက်ညကို ရည်ညွှန်းတော်မူတာဖြစ်တယ်။
စုံကျတဲ့နေ့ဆိုတာ ဇွလ်ဟဂ်ျလ ၁၀ ရက်၊ ကုရ်ဗာနီနေ့ကို ရည်ညွှန်းတော်မူတာဖြစ်တယ်။
မ,ကျတဲ့နေ့ဆိုတာ ဇွလ်ဟဂ်ျလ ၉ ရက်၊ အရဖှာနေ့ကို ရည်ညွှန်းတော်မူတာဖြစ်တယ်"လို့ တမန်တော်မြတ်(ဆွ)က
ရှင်းပြတော်မူထားပါတယ်။ အဲဒီလောက်တောင် ထူးမြတ်လှတဲ့နေ့ညတွေမှာ တရားအားထုတ်နိုင်ကြပါစေလို့ ဆုဒုအာပြုပို့ရင်း
ဒီနေ့ခွသ်တဗါကို နိဂုံးချုပ်လိုက်ပါတယ်။ ( အာမီးန် )

မှတ်ချက်....ခွသ်တဗါသွလ်အဟ်ကားမ်ကျမ်း၊
ဟကီမွလ် အွမ္မသ် ဟဇရသ် မော်လာနာ အရှ်ရဖ် အလီထာနဝီ...


ကုရ်အာန်...89@1- (ငါအရှင်မြတ်သည်) နံနက်မိုးသောက်ချိန်ကိုသက်သေထူတော်မူ၏။

ကုရ်အာန်...89@2-၎င်းပြင် (ငါအရှင်မြတ်သည်) ဆယ်ခုသောညကို သက်သေထူတော်မူ၏။

ကုရ်အာန်...89@3-ထို့ပြင် (ငါအရှင်မြတ်သည်) စုံ(ဖြစ်သောအရာ)ကိုလည်းကောင်း၊ မ(ဖြစ်သောအရာ)ကိုလည်း ကောင်း၊သက်သေထူတော်မူ၏။

ကုရ်အာန်...89@4- ထိုမှတစ်ပါး (ငါအရှင်မြတ်သည်) ညကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုညသည် သွားလေ၏။

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Thursday, October 20, 2011

ခွသ်တဗါ ( ၄၉) ဟဂ်ျနှင့်ဇိယာရသ်

  ခွသ်တဗါ ( ၄၉) ဟဂ်ျနှင့်ဇိယာရသ်

မွတ်စ်လင်မ်သူတော်စင် အပေါင်းတို့ခင်ဗျား၊

ဟဂ်ျလုပ်ရမည့်လတွေ နီးကပ်လာနေပါပြီ။ ဟဂ်ျလုပ်ရမည့်လတွေကို စံနစ်တကျ သတ်မှတ်ထားပါတယ်။ ကုရ်အာန်ကျမ်ူတော်မြတ်မှာ
လာရှိတဲ့ စူရာဘကရာရဲ့အာယတ် ၁၉၇ မှာ ဟဂ်ျလုပ်ရမည့် လတွေကတော့ အားလုံးသိထားတဲ့ လတွေပဲဖြစ်တယ်လို့ လာရှိပါတယ်။
အဲအာယတ်တော်က ဆိုလိုတော်မူတဲ့ ဟဂ်ျလတွေဟာ ယှောင်ဝ်ဝါလ်လ၊ ဇွလ်ကာ့ဒဟ်လနှင့် ဇွလ်ဟဂ်ျလတွေဖြစ်တယ်လို့
မြတ်နဗီ(ဆွ)က ရှင်းပြအသိပေးတော်မူထာားပါတယ်။ ဟဂ်ျလုပ်ရမည်ဆိုတာ အစ္စလာမ်သာသနာတော်ရဲ့ ပဉ္စမ မဏ္ဍိုင်ကို
ဆောက်တည်ရတဲ့ အဓိကကျင့်စဉ်တစ်ခုပါ။ မက္ကဟ်မြို့မှာရှိနေတဲ့ ကာ့ဗဟ်ကျောင်းတော်ထိ အသွား အပြန် စရိတ်စက တက်နိုင်သူတွေသာ တစ်သက်မှာတစ်ခါပဲ ဟဂ်ျလုပ်ရမည့်တာဝန်ရှိတာပါ။ အဲဒီအကြောင်းနှင့် ပတ်သက်ပြီူ ကုရ်အာန်ကျမ်းတော်မြတ်
ရဲ့ စူရာအာလေအင်မ်ရာန် အာယတ် ၉၇ မှာ အဲဒီအိမ်တော်ကို အရောက်သွားလာနိုင်ဖို့တက်နိုင်လျှင် အလ္လာဟ်အရှင်မြတ်နှစ်သက်သဘောတူတောမူရေးအတွက် အဲဒီအိမ်တော်ကိုသွားပြီး ဟဂ်ျလုပ်ဖို့ အဲဒီသူအပေါ်မှာတာဝန်ရှိနေပြီလို့
တိတိကျကျ တာဝန်ပေးတော်မူထားပါတယ်။ ဟဂ်ျလုပ်ဖို့ အလ္လာဟ်အရှင်မြတ်က ပညတ်တော်မူတာကို နဗီတမန်တော်မြတ်(ဆွ)က
ဒီလိုထပ်ဆင့်နိုးဆော်တိုက်တွန်း လမ်းညွှန်တော်မူပါတယ်။

၁။ မလွှဲမရှောင်သာတဲ့ အရေးကြီးတဲ့ကိစ္စလည်း မရှိ၊ မင်းစိုးမင်းညစ်ရဲ့ အနိုင်ကျင့်ခံ၊ တာမြစ်ခံနေရာတာလည်မရှိ၊ ပြင်းပြင်းထန်ထန်
နေထိုင်မကောင်းဖြစ်တာလည်းမရှိပဲ ဟဂ်ျမလုပ်ခင်သေရလျှင် အဒီလူအနေနှင့် ယဟူဒီလိုပဲသေသေ၊ နဆွာရာနီလိုပဲသေသေ၊
ကြိုက်သလိုသေနိုင်တယ်"လို့ မြတ်နဗီ(ဆွ)က ကြပ်ကြပ်တည်းတည်း သတိပေးတော်မူထားပါတယ်။ ဟဂ်ျလုပ်လိုက်လျှင်
ဟဂ်ျလုပ်လိုက်သူရဲ့ အပြစ်ငရဲတွေအားလုံး သန့်စင်ပြီးသား ဖြစ်သွားပါတယ်။

၂။ အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်တော်မူဖို့ ဟဂ်ျလုပ်တဲ့အခါမှာ ညစ်ညမ်းတဲ့စကားလည်းမပြောဘူး၊ ဆိုးသွမ်း မိုက်မဲ
ဖီဆန်တဲ့ ကိစ္စတွေလည်း မလုပ်ဘူးဆိုလျှင်အဲဒီသူဟာ မအေ့ဝမ်းကကျွတ်ကာစ ကလေးလို ဟဂ်ျကပြန်လာတာဖြစ်တယ်"လို့
မြတ်နဗီ(ဆွ)က အသိပေးတော်မူထားပါတယ်။ အဲဒီဟဒီးစ်တော်အရဆိုလျှင် ဟဂ်ျ်လုပ်လို့ ရလိုက်တဲ့ အကျိုးကုသိုလ်ဟာ
ဘယ်လိုမှအဖိုးဖြတ်လို့ မရနိုင်ဘူးဆိုတာ သိသာထင်ရှားလှပါတယ်။

မွတ်စ်လင်မ်သူတော်စင် အပေါင်းတို့ခင်ဗျား၊

ဟဂ်ျလိုပဲ မက္ကဟ်မြို့ရဲ့ ကာ့ဗဟ်ကျောင်းတော်မှာသာ လုပ်ဆောင်ရတဲ့ ကျင့်စဉ်တခုရှိပါသေးတယ်။ အဲဒီကျင့်စဉ်ကို
အွမ္မရဟ်လို့ခေါ်ပါတယ်။

၃။ နဗီတမန်တော်မြတ်(ဆွ)ဟာ အွမ္မရဟ် ၄ ကြိမ်ပြုလုပ်တော်မူရာမှာ တကြိမ်ကို ဟဂ်ျနှင့်တွဲပြီး ပြုလုပ်တော်မူခဲ့ပါတယ်။
အွမ္မရဟ် ၃ ကြိုမ်စလုံးကို ဇွလ်ကာ့ဒဟ်လမှာပဲ လုပ်တော်မူခဲ့တယ်လို့ ဆင့်ပြန်ချက်တွေမှာ လာရှိပါတယ်။ ဒီဆင့်ပြန်ချက်ကို
ထောက်ရှုကြည့်လျှင် အွမ္မရဟ်ကလည် မြတ်နဗီ(ဆွ)ရဲ့ ကျင့်စဉ်တော်တစ်ခုဖြစ်ဆိုတာသိရပါတယ်။
လူကြီးမင်းတို့ ဟဂ်ျပြုလုပ်ဖို့ တကယ်လို့များ ရောက်သွားကြလျှင် အွမ္မရဟ်ကို လက်မလွှတ်မိပါစေနှင့်လို့ သတိပေးလိုပါတယ်။

၎။ အွမ္မရဟ်နှင့် ဟဂ်ျကိုတွဲထားကြ၊ အဒီကျင့်စဉ် ၂ ခုဟာ ဆင်းရဲမွဲတေမူနှင့် မကောင်းမူဒုစရိုက်တွေကို ပပျောက်စေတယ်လို့"
မြတ်နဗီ(ဆွ)က လမ်းညွှန်တော်မူထားပါတယ်။ ဟဂ်ျနှင့် တပါတည်း အွမ္မရဟ်ကိုပါ လုပ်လိုက်လျှင် တော့်ကိုပဲ ထူးတဲ့အကျိုးကျေးဇူးတွေရမည်ဆိုတာကို သိကြရပါပြီ။
ဟဂ်ျလုပ်တဲ့နေရာမှာ ဟဂ်ျကိုအလှဆင်ပေးတဲ့ အမလ်တခုရှိပါသေးတယ်။ အဲဒီအမလ်ကတော့ မြတ်နဗီ(ဆွ)ရဲ့ရောင်တော်ကိုသွားပြီ
ဇိယာရသ်လုပ်ဖို့ပါ။ မြတ်နဗီ(ဆွ)ရဲ့ ရောင်သွာတော်ကို အရောက်သွားပြီး ဇိယာရသ်လုပ်လျှင်အတော်ပဲ ထူးမြတ်တဲ့အကျိုးစဝါးဗ်တွေရမည့်အကြောင်း ဟဒီးစ်ကျမ်းဂန်တွေမှာ ချိတ်ဆက်မိမိခိုင်ခိုင်မာမာတွေ့ရပါတယ်။

၅။ ငါကိုယ်တော်မြတ်ရဲ့ သင်္ချိုင်းရှိရာကို လာရောက်ပြီးဇိယာရသ်လုပ်တဲ့သူအတွက် ရှဖှါအသ်တောင်းခံပေးဖို့ ငါမှာတာဝန်ရှိလာတယ်
လို့ မြတ်နဗီ(ဆွ)က ကတိပေးတော်မူထားပါတယ်။ ဒါကြောင့် လူကြီးမင်းတို့ ဟဂ်ျလုပ်ဖို့သွားတဲ့အခါ မဒီနဟ်ကို ရောက်အောင်သွားပြီ မြတ်နဗီ(ဆွ)ရဲ့ ရောင်သွာတော်ကို ဇိယာရသ်လုပ်ဖြစ်ဖြစ်အောင် လုပ်သင့်ကြပါတယ်။


လူကြီးမင်းများခင်ဗျား-
ယှောင်ဝါလ်လကုန်လျှင် ဇွလ်ကာ့ဒဟ်လ ကျရောက်ပါလိမ့်မည်။ အဒီလဟာ နိမိတ်အတိတ်မကောင်းတဲ့လလို့ တချို့ရက်ရွာဒေသတွေမှာ ယူဆကြတယ်။ အမှန်တကယ်ဆိုလျှင် ဇွလ်ကာ့ဒဟ်လဟာ ဟဂ်ျကာလ၊ ဟဂ်ျရာသီမှာ ပါဝင်တဲ့လလို့
သတ်မှတ်ထားတဲ့အပြင် ဒီလမှာပဲ မြတ်နဗီ(ဆွ) အွမ္မရဟ်သုံးကြိုမ် ပြုလုပ်တော်မူခဲ့လို့ ဒီလဟာ ထူးမြတ်တဲ့လပဲ ဖြစ်ပါတယ်။
ဒါကြောင့် အဒီလိုအခြေအမြစ်မရှိတဲ့၊ မှားယွင်းတဲ့ အတွေးအခေါ် အယူအဆတွေ ပြင်လိုက်ဖို့လိုပါတယ်။

သူတော်စဉ်များခင်ဗျား
အခု ကုရ်အာန်ကျမ်းတော်မြတ် စူရာဟဂ်ျရဲ့ အာယတ်တော် ၂၇ မှာ ဟဂ်ျလုပ်ဖို့ ကိစ္စနှင့် ပတ်သက်ပြီး အသင်အိဗရာဟီမ်....
လူတွေကို' ထူးမြတ်လှတဲ့ ဒီအိမ်တော်ကိုလာပြီ ဖူးမြော်ဟဂ်ျလုပ်ကြ'လို့ ဖိတ်ခေါ်ပါ။ အဲဒီအခါ လူတွေဟာအတော်ပဲ ဝေးလှတဲ့
လမ်းခရီးတိုင်က ခြေလျင်တမျိုး၊ ပိန်လှီနေတဲ့ကုလားအုတ်ကိုစီးပြီးတဖုံ လာရောက်ကြမည်"လို့အသိပေးတော်မူထားတာကို
တင်ပြရင်း ဒီကနေ့ ခွသ်တဗါကို နိဂုံးချုပ်လိုက်ပါတယ်။

မှတ်ချက်....ခွသ်တဗါသွလ်အဟ်ကားမ်ကျမ်း၊
ဟကီမွလ် အွမ္မသ် ဟဇရသ် မော်လာနာ အရှ်ရဖ် အလီထာနဝီ...

ကုရ်အာန် 2@197
mmsy-mm-quran-translation:
ဟဂ်ျပြုလုပ်ရန်လများကား (အများ) သိရှိပြီး ဖြစ်သော လများပင်ဖြစ်ချေသည်။ သို့ဖြစ်လေရာ အကြင်သူ သည် ထိုလများ၌ ဟဂ်ျပြုလုပ်ရန် စိတ် ပြဋ္ဌာန်းခဲ့ပါလျှင် ထိုသူ သည် ဟဂ်ျအတွင်းတွင် (အိဟ်ရာမ် ၀တ်ရုံထားသည် အခါ၌ မေထုန်သံဝါသ ပြုလုပ်ရန်ဝေးစွ) ကာမဂုဏ်နှင့် သက်ဆိုင် သည့် ညစ်ညမ်းသော စကားကိုပင် အလျင်းမသုံးရ၊ မည် သည့် ဆိုးသွမ်းမှုကိုလည်း အလျင်းမပြုရ။ မည်သည့် ငြင်းခုံ ခိုက်ရန် ပွါးမှုကိုလည်း အလျင်းမပြုရ။ အမှန်သော်ကား အလ္လာဟ် အရှင်မြတ်သည် အသင်တို့ ပြုလုပ်ကြကုန်သော မည်သည့် ကောင်းမှုကိုမဆို သိရှိတော်မူလေသည်။ ထိုမှတပါး အသင်တို့ သည်(ဟဂ်ျပြုလုပ်ရန်)ခရီးထွက်ရာ၌)စားနပ်ရိက္ခာ (ခရီးစရိတ်) စသည် များကို (လုံလောက်စွာ) ဆောင်ယူကြ ကုန်လော့။ အမှန်စင်စစ် အမွန်မြတ်ဆုံးသောစားနပ်ရိက္ခာ (ခရီးစရိတ်)မှာ (ဒုစရိုက်မှုတို့မှလည်းကောင်း၊ အကြောင်းမဲ့ လက်ဖြန့်တောင်း ရမ်းစားသုံးခြင်းမှလည်းကောင်း) ကြဉ်ရှောင် ခြင်းပင်တည်း။ သို့အတွက်ကြောင့် အို-ဆင်ခြင်တုံ တရားနှင့်ပြည့်စုံသော နိသမ္မဥာဏ်ရှင်အပေါင်းတို့ အသင်တို့သည် ငါအရှင်မြတ်ကို ကြောက်ရွံ့ရိုသေ ခန့်ညားကြကုန်လော့။

ကုရ်အာန် 3@97
mmsy-mm-quran-translation:
ယင်းအိမ်တော်၌ ထင်ရှားလှစွာသော သက်သေလက္ခဏာများရှိကြ၏။ (ယင်းလက္ခဏာများ အနက်မှ မကာမုအစ်ဗ်ရာဟီမ်နဗီတမန်တော်)အစ်ဗ်ရာဟီမ် (အလိုင်ဟစ္စလာမ်)ရပ်တည်သောနေရာသည် (လည်းလက္ခဏာတစ်ရပ်ပင်) ဖြစ်ချေသည်။ ထိုမှတစ်ပါး အကြင်သူသည် ယင်းအိမ်တော်သို့ဝင် ရောက်ခဲ့အံ့၊ ထိုသူသည် ဘေးရန်(ခပ်သိမ်း) ကင်းငြိမ်းသူဖြစ်လတ္တံ့။ တဖန် လူများအပေါ်ဝယ် တာဝန်ရှိသည်မှာ၊အကြင် သူသည် ထိုအိမ်တော်သို့အရောက် ခရီးသွားရန်တတ်စွမ်း နိုင်ခဲ့ ပါလျှင်၊ အလ္လာဟ်အရှင်မြတ် (နှစ်သက်တော်မူရန်)အတွက် ထိုအိမ်တော်သို့ သွားရောက် ဟဂ်ျပြုရန် (ထိုသူ့အပေါ်၌) တာဝန်ရှိပေသည်။ သို့ရာတွင် အကြင်သူသည်(အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို) ငြင်းပယ်သည်ရှိသော် (အလ္လာဟ်အရှင်မြတ်၌ တစ်စုံတစ်ရာမျှနစ်နာ ဆုံးရှုံးမှုအလျင်း မရှိချေ၊) အဘယ်ကြောင့်ဟူမူ အလ္လာဟ်အရှင်မြတ်သည် မုချဧကန် စကြာဝဠာ အပေါင်းတို့အား လိုလား တောင့်တခြင်း ကင်းတော်မူသော အရှင်ဖြစ်တော်မူပေသတည်း။

ကုရ်အာန် 22@27
mmsy-mm-quran-translation:
၎င်းပြင် အသင်သည် လူခပ်သိမ်းတို့အား (ထူးမြတ်လှစွာသော ယင်းအိမ်တော်သို့ လာရောက်ဖူးမြော်)ဟဂ်ျပြုကြရန် ကြေညာ(ဖိတ်ခေါ်)ပါလေ။ (ထိုအခါ)လူတို့သည် အလွန်ဝေးလံသော လမ်းခရီးတိုင်းမှ ခြေကျင်လည်းကောင်း၊ ကျုံလှီပိန်ချုံးသော ကုလားအုတ်အသီးသီးပေါ်၌ စီးနင်း၍လည်းကောင်း၊အသင့်ထံသို့ လာရောက်ကြပေမည်။




 


ဟာဂျီးလမ်းစဉ်များအကြောင်း(၁)

ဟာဂျီးလမ်းစဉ်များအကြောင်း(၂)

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>

Tuesday, October 11, 2011

ဟဒီးဆ်တော်အချို့

တမန်တော်မြတ်(ဆွ)သည် ဤသို့အမန့်ရှိခဲံသည် ရာစုများနက် အကောင်းဆုံးရာစုသည် ငါ၏ရာစု ၎င်းနောက်လာသော ရာစု၊ ၎င်းနောက် လာသောရာစု ဖြစ်သည်။ ( ဗုခါရီကျမ်း-အတွဲ-၄ -စာ-၁၈၉ )

ဟဇရသ်မုအာဇ် ဗင်န်ဂျဗလ်(ရသွ)သခင်ဆင့်ပြန်ခဲ့သည်မှာ တမန်တော်မြတ်(ဆွ)သည် သခင့်အား ယီမင်န်နိုင်ငံသို့
တရားသူကြီးခန့်အပ်စေလွှတ်ချိန်တွင် ကိုယ်တော်က သခင့်အားဤသို့ မေးမြန်းတော်မူခဲ့သည် အသင်သည်အဘယ်သို့
တရားစီရင်မည်နည်း သခင်က ကျမ်းတော်မြတ်ကုရ်အာန်ဖြင့်စီရင်မည်ဟုဖြေကြားသည်။
တမန်တော်မြတ်(ဆွ)က အကယ်၍ ကျမ်းတော်မြတ်ကုရ်အာန်တွင်မပါရှိခဲ့လျှင် ဟုမေးမြန်းတော်မူရာ
သခင်က ရစူလွလ္လာဟ်၏စွန္နသ်တော်ဖြင့် ဟုဖြေကြားတော်မူသည်။ ထိုအခါ တမန်တော်မြတ်(ဆွ)ကအကယ်၍ စွန္နသ်သေရစူလ်တွင်လည်း မတွေ့ရှိခဲ့လျှင် ဟုမေးမြန်းတော်မူရာ သခင်က ထိုအခါ ကျွန်တော်မျိုး၏တွေခေါ်ဆင်ခြင်မှုဖြင့်
အိဂျသိဟာဒ်ပြုစီရင်မည် ဤသည်တွင် တွန့်တိုခြင်းဖြစ်စေမည်မဟုတ် ဟုဖြေကြားသည်။
ထိုအခါ တမန်တော်မြတ်(ဆွ)က ဟဇရသ်မုအာဇ် ဗင်န်ဂျဗလ်(ရသွ)သခင်၏ ရင်ဘတ်ပေါ်တွင် လက်ဖြင့်ပုတ်ကာ
အလ္လာဟ်အရှင်မြတ်အား ရွှက်ရ်ပြုကျေးဇူးတင်၏။ ထိုအရှင်သခင်သည် အလ္လာရစူလ်၏သံတမန်ကို အလ္လာဟ့်ရစူလ်ကျေနပ်သည့်ကိစ္စ၏
အစွမ်းချီးမြှင့်တော်မူခဲ့သည်ဟု မိန့်ကြားတော်မူခဲ့၏။ ( အဗူဒါဝူးဒ်-သိရ်မိဇီ-မွတ်စ်နဒေအဟ်မဒ် ကျမ်း )

ဟဇရသ် အဗူဟုရိုင်ရဟ်(ရဒွိယလ်လာဟုအန်ဟု)ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူသည်။ ဒွန္နယာလောကသည်
မုအ်မင်န်များအဖို့ အကျဉ်းထောင်များသဖွယ်ဖြစ်၍ ကာဖစ်ရ်ငြင်းပယ်သူများအဖို့မူ ဂျန္နသ်သုခဘုံသဖွယ်ဖြစ်ပေသည်။
( မွတ်စ်လင်မ်ကျမ်း )

ဟဇရသ် အုဗာဒဟ်ဗင်န်ဆွာမိသ်(ရဒွိယလ်လာဟုအန်ဟု)က အမိန့်ရှိခဲ့သည် တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူသည်။
အကြင်သူသည် ကျွန်ုပ်တို့၏ သက်ကြီးရွယ်အိုများအပေါ် ဂုဏ်ပေးလေးစားမှုမရှိ၊ ကျွန်ုပ်တို့၏ ငယ်ရွယ်သူးများအပေါ်တွင်လည်း
သနားကြင်နာမှုမရှိသည့်အပြင် ကျွန်ုပ်တို့၏ အာလင်မ် ပညာရှင်များ၏ ဟပ်က် တာဝန်ဝတ္တရားကို နားမလည်ခဲ့လျှင်
ထိုသူသည် ငါ၏အွမ္မသ်ထဲမှ မဟုတ်ချေ။ ( တွဗ်ရာနီကျမ်း )

ဟဇရသ် အမ်ရ်ဗင်န်အောင်ဖ်(ရဒွိယလ်လာဟုအန်ဟု)က တမန်တော်မြတ်(ဆွ)၏ မိန့်ကြားချက်ကို ဤသို့ဆင့်ပြန်ခဲ့သည်။
ဒီးန်သာသနာတော်သည် အစပထမက သူစိမ်းတရံစာ ကဲ့သို့ရှိခဲ့၏။ မကြာမီကာလတွင်း မူလအစကကဲ့သို့ပင် သူစိမ်းပမာပြန်ဖြစ်သွားပေမည်။ သို့ရှိရာ အကြင်မွတ်စ်လင်မ်များတွက်မူ သတင်းကောင်းတစ်ရပ်ဖြစ်ပေသည် အကြင်သူတို့သည်။
ဒီးန်သာသနာအတွက်ကြောင့်ပင် သူစိမ်းကဲ့သို့ ထင်မှတ်ခြင်းခံရပေလိမ့်မည်။ ဤသူများသည် ငါတမန်တော်၏ ကျင့်စဉ်များကို
မှန်ကန်အောင် ပြုပြင်ပေးမည်ဖြစ်သည် ၎င်းကျင့်စဉ်ကျင့်ရပ်များအား ငါတမန်တော်မရှိသည့်နောက် လူအများက ဖျက်ဆီးပစ်ခဲ့ကြပြီးဖြစ်သည်။ ( သစ်ရ်မေဇီကျမ်း )

ဟဇရသ် အနတ်စ်ဗင်န်မာလစ်က်(ရဒွိယလ်လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည် တမန်တော်မြတ်(ဆွ) အမိန့်ရှိတော်မူသည်။
လွယ်ကူမှုများကို ဖန်တီးပါ။ ခက်ခဲမှုကို မဖန်တီးကြပါနှင့်၊ လူအများအား နှစ်သိမ့်ကျေနပ်စေပါ. ရွံရှာမုန်းတီးမှုကို မဖြစ်ပေါ်ကြစေနှင့်။ ( မွတ်စ်လင်မ်ကျမ်း )

ဟဇရသ် အဗ်ဒွလ္လာဟ်ဗင်န်အုမရ်(ရဒွိယလ်လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)သည် (အရေးကြီးသည့်
စကားဖြစ်သည့်အတွက်ကြောင့် အသေချာနားထောင်၍ ဂရုပြုစေရန် အလိုငှာ) ကျွန်ုပ်၏ ပခုံးအားကိုင်၍ အသင်သည် ဤလောက၌ ခရီးသည်တစ်ဦးပမာ သို့မဟုတ် ခရီးသွားတစ်ဦးပမာနေထိုင်လေကုန် ဟု အမိန့်ရှိတော်မူသည်။( ဗုခါရီကျမ်း)

ဟဇရသ် အာအေရှဟ်(ရဒွိယလ်လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)သည် ကျွန်မ၏ အိမ်တော်၌
ဤသို့ဒိုအားပြုခဲ့ပေသည် အို အလ္လာဟ်အရှင်မြတ်၊ မည်သူ့မဆို ကျွန်တော်မျိုး၏ အွမ္မသ်သားများအပေါ်၌ ( ဒွန္နယာ၊အာခိရသ်)
အရေးကိစ္စလုပ်ငန်းများထဲမှ မည်သည့်ကိစ္စများအတွက်ပင်ဖြစ်စေ၊ အမီရ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရရာ ထိုသူသည်
လူအများအာ ကြပ်တည်းမှု ဒုက္ခပင်ပန်း ဆင်းရဲမှုများဖြစ်စေခဲ့လျှင် အရှင်မြတ်ကလည်း ထိုသူအား ဒုက္ခပင်ပန်းဆင်းရဲမှုများထဲ၌
ထားရှိတော်မူပါ။ ၎င်းနောက် အကြင်သူသည် ကျွန်တော်မျိုး၏ အွမ္မသ်များ၏ မည်သည့်အရေးကိစ္စနှင့် ပတ်သက်၍ အမီရ်အဖြစ်
ခန့်အပ်ခြင်းခံရရား ထိုသူသည် လူအများနှင့် ယုယကြင်နာစွာ ဆက်ဆံခဲ့လျှင်မူ အရှင်မြတ်ကလည်း ထိုသူအား
ယုယကြင်နာစွာဖြင့် ဆက်ဆံပေးသနာတော်မူပါ။ ( မွတ်စ်လင်မ်ကျမ်း)

ဟဇရသ် အွမ္မေဟုစိုင်န်(ရဒွိယလ်လာဟုအန်ဟာ)သခင်မ ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူသည်။ အကယ်၍ အသင်တို့အပေါ်၌ နှာခေါင်း၊ နားရွက်ပျက်၊ အသားမဲကျွန်ကိုပင် အမီရ်ခန့်အပ်ခဲ့ ထိုသူသည် အလ္လာဟ်(စွဗ်ဟာနဟူဝသအာလာ)၏ ကျမ်းတော်ဖြင့်
ဆိုလိုသည်မှာ အရှင်မြတ်၏ အမိန့်တော်တိုင်းသာ အုပ်ချုပ်စီမံခဲ့လျှင် အသင်တို့ ထိုသူ၏ အမိန့်ကို
နားထောင်ကြ၊ နာခံလိုက်ကြလော့၊၊ ( မွတ်စ်လင်မ်ကျမ်း )

ဟဇရသ် အနတ်စ်ဗင်န်မာလစ်က်(ရဒွိယလ်လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည် တမန်တော်မြတ်(ဆွ)အမိန့်ရှိတော်မူသည်။
အမီရ်၏စကားကို နားထောင်ကြ၊ နာခံကျင့်သုံးကြလော့။ အကယ်၍ သင်တို့အပေါ်၌ ဟဗ်ရှီ(လူမဲ)ကျွန်ပင် အမီရ်ဖြစ်ပါစေ၊
ထိုသူ၏ ဦးခေါင်းသည် ပမာဆိုသော်(သေးငယ်ရာ၌ စပျစ်ခြောက်သီးကဲ့သို့ပင် ဖြစ်နေပါစေ။ ( ဗုခါရီကျမ်း )


ဆွဟာဗဟ်ကြီး အိဗ်နေအဗ္ဗားစ်သခင်(ရဒွိယလ်လာဟုအန်ဟု)၏မိန့်ခွန်တစ်ခုတွင် မည်သူမဆိုး ကျမ်းတော်မြတ်ကုရ်အာန်မှ
မေးလိုရာရှိလျှင် အဗီအိဗ်နေကအ်ဗ်(ရဒွိယလ်လာဟုအန်ဟု)ထံမေးမြန်လေ။ ထိုပြင် အမွေခွဲတမ်းကိုမေးမြန်လိုက
ဇိုက်ဒ်အိဗ်နေဆာဗစ်တ်(ရဒွိယလ်လာဟုအန်ဟု)ထံမေးမြန်လေ။ ထိုပြင် ဖိကဟ်နှင့်စပ်၍ မေးမြန်လိုသည့်ရှိမူ
မအာဇ်အိဗ်နေဂျဗ်လ်(ရဒွိယလ်လာဟုအန်ဟု)ထံမေးမြန်လေ။ ထိုပြင်(သုံ့ရ)ပစ္စည်းတောင်းခံလိုပါက ကျွန်ုပ်ထံတွင်တောင်းခံပါလေ။( တွဗ်ရာနီးကျမ်း )

 ဟဇရသ် အဗူစအ်လဗဟ်ခုရှနီ(ရဒွိယလ်လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ)
ခရီးထွက်သည့်အခါ၌ တစ်နေနေရာတွင် ခေတ္တရပ်နားရန်တွက် စခန်းချသည့်အခါ ဆွဟာဗဟ် (ရဒွိယလ်လာဟုအန်ဟွမ်)များသည် တောများတွင်လည်းကောင်း၊ ကွင်းပြင်များတွင်လည်းကောင်း
ဖြန့်ကျဲ၍ရပ်နားကြသည်။ ထို့ကြောင့် တမန်တော်မြတ်(ဆွ)က အသင်တို့သည် ဤကဲ့သို့သော တောများ
ကွင်းပြင်များ၌ ဖြန့်ကျဲနေကြခြင်းများသည့် ရှိုင်သွာန်ဘက်မှဖြစ်ပေသည်။(၎င်းက အသင်တို့ တစ်ဦးနှင့်တစ်ဦး
စိတ်ဝမ်းကွဲပြားကြစေရန် လိုလားနေပေသည်)ဟုအမိန့်ရှိတော်မူသည်။ ဤသို့ အမိန့်ရှိတော်မူပြီနောက်ပိုင်း
တမန်တော်မြတ်(ဆွ)သည် မည်သည့်နေရာ၌ ရပ်နားစခန်းချသည်ဖြစ်စေ ဆွဟာဗဟ် (ရဒွိယလ်လာဟုအန်ဟွမ်)များအားလုံး တစ်စုတစ်ဝေးတည် ရပ်နားကြပေတော့သည် အဘယ်မျှတိုင်
စုဝေး၍ ထိုင်ကြသည်ဟူမူ ၎င်းတို့က်ု (တစ်ဦးနှင့်တစ်ဦးနီးကပ်လွန်းသဖြင့်)ဤသို့ပင် ပြောစမှတ်ပြုကြသည်။
အကယ်၍ ၎င်းတို့အားလုံးပေါ်သို့ အဝတ်စတစ်ခုဖြင့် ဖုံးအုပ်လိုက်ပါက ထိုအဝတ်စသည် ၎င်းတို့အားလုံးပေါ်သို့ ဖုံးအုပ်သွားပေလိမ့်မည်။  ( အဗူဒါဝူဒ်ကျမ်း)
                                                                                                             
တမန်တော်မြတ်(ဆွ)သည် အိဗ်နေ့အဗ္ဗါးစ်(ရဒွိယလ်လာဟုအန်ဟု)သခင်တွက် အထူးဒိုအာပြုပေးတော်မူခဲ့၏။
အိုအလ္လာဟ်အရှင်မြတ် ဤသူ့ကို သာသနာ့သိနားလည်မှု ချီးမြှင့်တော်မူပါ ထိုနောက် တဖ်စီရ်ပညာကို သင်ကြားပေးတောမူပါ။ ( မစ်ရှ်ကာတ်ကျမ်း-စာ ၃၂ )

နမ္မာဇ်၊ ဇကာသ်၊ ဟာဂ်ျ စသည့် အစ္စလာမ်အခြေခံမဏ္ဏိုင်ကြီးများနှင့် သက်ဆိုင်သောအသေးစိတ်များသည်။
ဟဒီးဆ်တောများတွင်လည် အပြည့်စုံဖေါ်ပြထားခြင်းမရှိ။ ( တိရ်မေဇီကျမ်း၊ အဗူဒါဝုဒ်ကျမ်း )


မအံသြေပါဘူး။ မျက်စိကျိန်းတယ်...
နေမင်းရဲ့ အလင်းကို ကြည့်မရဘူးဆိုတော့...
မျက်စိနာနေသူမျိုးပါ........မအံသြေပါဘူး။

ခံတွင်းမတွေ့သူ....
သကြားအရသာကို ခါးတမာလို့ဆိုတာ....
ဖျားနာနေသူမို့ပါ........မအံသြေပါဘူး။

တစ်နေရာမှာ တော်နေပေမယ့်၊
ဟဒီးဆ်တော်နဲ့ စွန္နသ်တော်တွေကိုတော့၊
မခံစားတက်လို့ ဝေဖန်တာ၊
အသိဖျားနာနေသူမို့..မအံသြေပါဘူ။

စေတနာဟန်ပြ....
ဝေဒနာရန်စပေးသူရဲ့....
အုပ်စုခွဲတရားတွေ မွေနှောက်လို့...
သူငါ .....အကြောက်အကန်နဲ့...
မာနတွေထန်ပြန်သမို့...
ညီညွတ်မှုတွေ.......ပျက်ဆုံးကြရတယ်.....။

ကုန်ကြမ်းရ.....တရားဟောဆရာ...
ဝင့်ကြွားလို့သူကပျော်.....
ရှုံးသူက အွမ္မသ်....
ပြုံးသူက....ယဟူးဒ်နဆွာရာ.....
အမုန်းတွေ.....သယ်ကြုံးကြတော့တယ်........။

(မေဃဝတီ)

မွတ်စလင်မ်တိုင်း ကျမ်းတော်မြတ် ကုရ်အာန် နှင့် ဟဒီးဆ်၏အရေးပါးမူကို ကောင်းစွာသဘောပေါက်ပြီး အရှိတရားကို အသိတရားနှင့်ပေါင်းစပ်၍ အမှန်တရားကိုလက်ခံကျင့်သုံးကာ မွတ်စလင်မ်ဘဝသရုပ်ကို ပီပြင်စွာထုဆစ်နိုင်ကြပါစေ။(အာမီးန်)

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>
Related Posts Plugin for WordPress, Blogger...