၂၀၀၃-ခုနှစ်ခန့်လောက်ကလို့ ထင်ပါတယ်။
သတင်းတစ်ခုကြားလိုက်ရတယ်။ ကျနော်ရောက်နေတဲ့မြို့က ဟာဖီးဇ်ကျောင်းလေးမှာ ဆရာတစ်ပါးက သဂ်ျဝီးဒ်သင်ပေးမယ်တဲ့။ သင်တန်းလာတက်တဲ့သူတွေကို စာအုပ်တွေအလကားပေးတယ်။ တိပ်ခွေနဲ့ နားကျပ်ကတ်ဆတ်တွေလဲ အလကားပေးတယ်ဆိုပဲ။ အဲဒီတုန်းက mp3 တို့ 4 တို့က ခေတ်မစားသေးဘူးလေ။ နားကျပ်ကတ်ဆက်တောင် တန်ဖိုးသိပ်ကြီးတာဆိုလို့ နှစ်သောင်းလောက်ဆို ဂျပန်ထုတ် ဆိုနီအမျိုးအစားရတယ်။
ကျနော့်ကိုလဲ မိတ်ဆွေတွေက လာပြောကြတယ်ဗျာ။ သင်တန်းသွားတက်ဖို့ပေါ့။
ကျနော် မတက်ခဲ့ပါဘူး။ အဲဒီနောက်ပိုင်း ကျနော်လဲ ကိုယ့်အလုပ်နဲ့ကိုယ်၊ ကျောင်းကတစ်ဖက် အလုပ်ကတစ်ဖက်နဲ့ သိပ်မအားတာနဲ့ ဘာသာရေးအသိုင်းအ၀ိုင်းနဲ့လဲ အရင်လောက် အဆက်အသွယ် မလုပ်ဖြစ်ခဲ့ဘူးဗျ။
အဲ... ၂၀၀၇ လောက်ကျတော့ ထပ်ပြီး သတင်းတစ်ခု ကြီးလာပြန်တယ်။ ဒီအချိန် ကျနော် အလုပ်ထဲမှာပဲ လုံးဝ ရောက်နေပြီဗျ။ ဆော်ဒီပြန်ဆရာတစ်ယောက် (အပေါ်ကဆရာတော်)က သဂ်ျဝီးဒ်ပညာတွေကို နိုင်ငံအနှံ့ လှည့်လည်ပြီး သင်ပေးနေတယ်။ စာအုပ်တွေ အလကားပေးတယ်။ အခွေတွေ၊ စီဒီတွေပါ ပေးတယ်ပေါ့။ ကျနော်တို့ထက် အများကြီးစောတဲ့ စီနီယာကျတဲ့သူတွေတောင် အဲဒီသင်တန်းတွေသွားတက်ကြတယ်။ ဒီတစ်ခါ သတင်းကြီးလာတာက အရင်နဲ့မတူဘူး။ ပိုပြီး ကျယ်ပြန့်လာတယ်။ မြို့အတော်များများကိုလဲ ၀င်နေတာကိုး။
အဲဒီဆရာက မြို့တစ်မြို့ရောက်ရင် အဲဒီမြို့က အရေးပါတဲ့လူတွေကို အသင့်ပါလာတာတွေ လက်ဆောင်ပေး၊ ပြီးတော့ ဗလီ(သို့)နေရာတစ်ခုခုမှာ အာလင်မ်တွေကို စုရပ်လုပ်ပြီးခေါ်ခိုင်း၊ ရောက်လာတဲ့အာလင်မ်တွေကို ကိရာအသ်ဖတ်ခိုင်း၊ ဖတ်တဲ့အခါ အမှားတွေကို မရ/ရအောင် ထောက်ပြ။ ပြီးတော့ ခင်ဗျားတို့ ကုရ်အာန်ဖတ်တာ သဂ်ျဝီးဒ်နည်းလမ်းတွေ မှားနေကြတယ်။ သင်ဖို့အတွက် ဘာဖြစ်တယ်။ ညာဖြစ်တယ်ပေါ့။ ဒါကြောင့် သင်တန်းတစ်ခုလုပ်ဖို့ သူတို့လာတယ်ဆိုတဲ့အကြောင်း သင်တန်းကို အခု (...)ရက် သင်တန်းကာလအဖြစ် အခြေခံ သင်ပေးမယ်ဆိုတဲ့အကြောင်း၊ ပြီးရင် ဒလမြို့က သူ့ကျောင်းမှာ လာတက်မယ်ဆိုရင် စနဒ်(အောင်လက်မှတ်) ထုတ်ပေးမယ်ဆိုတဲ့အကြောင်းတွေ ပြောပြသွားတယ်။
ဒီမှာ ကျနော် တစ်ခု စဉ်းစားမိလာတယ်။ ဒီဆရာ တော်တော်ကို အလုပ်လုပ်တာပဲ။ လေးစားမိပါတယ်။ ချီးကျူးမိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေလဲ တော်တော်များများ သူ့ဆီမှာ သွားပြီး စာတွေဖတ်နေကြပြီ။ ဒါပေမဲ့ ဘာကြောင့် ဟိုးရှေးကတည်းက အခုမှ ဒီသဂ်ျဝီးဒ်ပညာဆိုတာ ဘာလို့ ခေတ်မစားခဲ့တာလဲ။ ဒီဆရာတော်ပြောသလို သိပ်ကို အရေးကြီးနေတယ်ဆိုရင် ဘာကြောင့်များ ရှေးခေတ် သူတော်စင် အာလင်မ်ကြီးတွေ လူထုကို အွမ္မသ်ကို မသင်ပေးခဲ့ကြတာလဲပေါ့။
ကျနော်လဲ ဒီပညာကို မတတ်ဘဲ ပြောနေတာတော့ မဟုတ်ဘူးဗျ။ ကြုံတုန်းပြောရအုံးမယ်။ ၁၉၉၃-ခုနှစ်လောက်မှာ အီဂျစ်နိုင်ငံက ဦးဆောင်ကျင်းပတဲ့ International အဆင့် ကိရာအသ်ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ မြန်မာပြည်ကနေ ပညာရှင်တွေကို ဖိတ်ခေါ်တုန်းက ကျနော့်ရဲ့ ဆရာအရင်းဖြစ်သူကို အရွေးခံခဲ့ရတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မသွားဖြစ်ခဲ့ဘူး။ ဒီလိုဖိတ်ခေါ်ခံရတာ မြန်မာပြည်ရဲ့ ပထမဆုံးအကြိမ်ပဲလေ။ တစ်တိုင်းပြည်လုံးကနေ ရွေးချယ်ခံရတာ သုံးယောက်လောက်ပဲ ရှိတယ်။ အသံလဲ ဘာကောင်းသလဲ မမေးနဲ့။ သူများတွေလို ကာရီဆိုဿိုက်ဆ်ဆပ်အလိုက်မျိုးနဲ့ဖတ်တာမဟုတ်ဘူး။ ဘယ်သူ့ကိုမှလဲ အတုခိုးထားတဲ့သူမဟုတ်ဘူး။ သူအလိုက်၊ သူ့အသံ၊ သူ့မူနဲ့ဖတ်တာ။ ကျနော်က အဲဒီပုဂ္ဂိုလ်ရဲ့ တပည့်အရင်း။
နောက် မြန်မာပြည်မှာ သဂ်ျဝီးဒ်ပညာရပ်ရဲ့ဂုရုကြီးလို့ပြောလို့ရတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦး ကျနော်တို့ကို အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်း သဂ်ျဝီးဒ်ကို လာသင်ပေးခဲ့တယ်။ အခုတော့ ကွယ်လွန်သွားရှာပါပြီ။ (အလ္လာဟ်အသျှင်မြတ် ထိုပုဂ္ဂိုလ်မြတ်ကြီးကို ဂျန္နသ်နစီးဒ် ပေးသနားတော်မူပါစေ။ သူ့ရဲ့ ကဗရ်ကို ကိယာမသ်တိုင် လင်းဝင်းမှုနဲ့ ထားရှိတော်မူပါစေ)။ အဲဒီပုဂ္ဂိုလ်ကြီးကို ရန်ကုန်မရ်ကဇ်က လူဟောင်းအများပိုင်း သိပါတယ်။ ကျနော်က သူ့ဆီမှာလဲ သဂ်ျဝီးဒ်ပညာကို သင်ယူခဲ့ပါတယ်။
ကြွားတာတော့မဟုတ်ပါဘူး။ ကျနော် ကျောင်းသားဘ၀က စာတွေဖတ်တယ်ဗျ။ ဆရာဆီမှာ စာဆိုပြလို့ မုန့်ဖိုးတွေ ရခဲ့တယ်။ ကိရာအသ်ပြိုင်ပွဲတွေမှာလဲ ဆုတွေ ရခဲ့ပါတယ်။ ကျောင်းအုပ်ဆရာကြီးဆိုရင်လဲ စာဖတ်ပြသူတွေ ဆယ်ဂဏန်းကြားထဲကနေ ကျနော်စာဖတ်တာကို သီးသန့် နားစွင့်ပြီး နားထောင်လေ့ရှိခဲ့တယ်ဗျာ။ ဒါကတော့ ကျနော့် ပညာအဆင့်အတန်းနဲ့ သင်ခဲ့ရတဲ့ ဆရာအချို့အကြောင်း ပြောပြတာပါ။ ဘာလို့လဲဆိုတော့ ကျနော် ဒီပညာကို မသင်ဘူး မတတ်ဘူးလို့ ပြောချင်ရာပြောတယ်ဖြစ်မှာစိုးလို့ပါ။ ဟုတ်ပြီ။ ကျနော် ဆက်ပြောပါမယ်။
အဲဒီလို သဂ်ျဝီးဒ်ခေတ်စားလာတာ ဘယ်လောက်တောင် ဖြစ်လာလဲဆိုတော့ သာမန်အာဝမ်လူတွေကလဲ ဒီသဂ်ျဝီးဒ်၊ အာလင်မ်တွေလဲ ဒီသဂ်ျဝီးဒ်နဲ့ တစ်ချို့ဆို ကြက်မောင်းတာတောင် “ရှူး”လို့ မမောင်းတော့ဘဲ “ရှူးခ်”ဆိုပြီး သဂ်ျဝီးဒ်နဲ့ မောင်းကြတယ်လို့တောင် ရီစရာ ပြောစမှတ်ပြုလာကြတယ်။ ကောင်းပါတယ်။ (မာရှာအောလ္လာဟ်)။ အရမ်းကောင်းပါတယ်။ ကုရ်အာန်ကို အလှဆင်လာကြတာပါ။
ဒါပေမဲ့ အလွန်ကို အရုတ်ဆိုး အကျည်းတန်လာတာကတော့ အခြေခံစာသင်ကျောင်း မက်သဗ်လေးတွေမှာ အာလင်မ်ကြီးတွေ သောကထား၊ ပူပန်ခဲ့ကြပြီး ကိုယ်တော်မြတ် صلى الله عليه وسلم ရဲ့ ဟဒီးဆ်မှာ လေးနက်စွာ မိန့်မှာခဲ့တဲ့ ဒီနီယာသ်ပညာတွေကိုတောင် ပစ်ပယ်လာကြတယ်ဗျာ။ ဘယ်လောက်ထိ ဆိုးရွားလာလဲဆိုရင် ကိုးတန်း၊ ဆယ်တန်းအရွယ် (၁၅၊ ၁၆) ကလေးတွေ စလာမ်ကို သဂ်ျဝီးဒ်နဲ့ပေးတတ်တယ်။ ဒါပေမဲ့ နမားဇ်နှစ်ရကအသ်ကို မဖတ်တတ်ဘူးဗျ။ ကျန်တာတွေ ပြောမနေနဲ့။ အရေးအကြီးဆုံးဆိုတဲ့ နမားဇ်ရဲ့ မဆ်အလာဟ်၊ မစာအိလ်တွေကို ဘာမှန်းတောင် မသိကြဘူး။ စိတ်မကောင်းဖြစ်မိတာ တကယ်အမှန်ပါ။
ကျနော်နဲ့ ရွယ်တူ စာသင်နေတဲ့ အာလင်မ်တစ်ယောက်ကို ဒီကိစ္စပြောဖူးတယ်။ ကုရ်အာန်ကို တစ်ခသမ်လုံး ဂျွမ်းပြန်အောင် ဖတ်တတ်တာနဲ့၊ ဒီနီယာသ်ပညာတွေနဲ့ ဘယ်ဟာပို အရေးကြီးလဲပေါ့။ ခသမ်လေးငါးခါဖြစ်ထားတဲ့သူတွေ ဒီနီယာသ်ကို ကောင်းကောင်းမသင်ခဲ့လို့ မွရ်ဿတ်ဖြစ်သွားတာ မနည်းဘူးလို့ ပြောပြတော့ ကျနော်နဲ့ အကြီးအကျယ်ကို စကားများခဲ့ရဘူးသေးတယ်။
ပြန်စဉ်းစားကြည့်ပါ။ ကလေးတွေ state ကျောင်း (၁၀)တန်းအောင်လို့ တက္ကသိုလ်တွေ တက်နေကြတယ်။ တကယ်တော့ ဒီနီယာသ်ပညာဆိုတာ state ကျောင်းသားဘ၀မှာသာ သင်ဖို့ အချိန်များကြတယ်။ တက္ကသိုလ်ကျောင်းတွေတက်တော့ သိတဲ့အတိုင်းပဲ။ မိဘနဲ့စွန့်ခွါပြီးတော့ တစ်နယ်တစ်ကျေးမှာ အဆောင်နေပြီး တက်ရတယ်။ ဘာသာရေးနဲ့ ဝေးကွာကြတော့ ဖြစ်ချင်သလိုဖြစ်၊ နေချင်သလိုနေ၊ အများပိုင်းမှာ စည်းဆိုတာ မရှိကြဘူး။ အဲဒီမှာ ဆန့်ကျင်ဘက်လိင်တွေနဲ့ နီးစပ်ပြီး ဘာသာတရားဆိုတာ စည်းမခြားတော့ဘူး။ နောက်ဆုံး ဘာသာပျက်ဘ၀ကို နတ္ထိရောက်သွားကြတယ်။ တစ်ချို့လဲ ယူလိုက်ကြတယ်။ သူ့ဘာသာ ကိုယ့်ဘာသာဆိုပြီး အတူပေါင်းသင်း နေထိုင်သွားကြတယ်။
တက္ကသိုလ်ကျောင်းသားတွေအတွက် ဘာသာရေးစာပေသင်ယူဖို့ဆိုတာ အတော်အတန် မလွယ်ကူသလို၊ ကျောင်းပြီးပြန်တော့လဲ အလုပ်ကိုယ်စီနဲ့ဆိုတော့ ဘာသာရေးအခြေခံတွေကို ငယ်စဉ်က မသင်ယူခဲ့ရဘူးဆိုရင် ဘ၀အတွက် အရမ်းကို အန္တရာယ်ကြီးမားပါတယ်။ ဒါတွေရဲ့ အခြေခံ ရင်းမြစ်တွေကို လေ့လာမယ်ဆိုရင် သဘောပေါပါလိမ့်မယ်။ စာတွေလဲ သိပ်ရှည်ကုန်တော့မှာပါ။
ဒီလို သဂ်ျဝီးဒ်တွေ အားကောင်းနေတဲ့အချိန်မှာပဲ ဘာတွေဘယ်လို ဖြစ်ကုန်ကြတယ်တော့ မသိဘူး။ ကျနော် စာတစ်စောင် ဖတ်လိုက်ရတယ်။ အဲဒီစာကို ရေးတဲ့သူက အပေါ်မှာ တင်ပြခဲ့ ဆရာတော် ကာရီဟာရှင်မ်ဦးတင်မြင့်(ကာရီဆပ်)ပါ။ သူရေးသားထားတဲ့ အလိုသဘောအကျဉ်းကတော့ သူနဲ့ပတ်သက်ပြီး၊ သူ့ကျောင်းနဲ့ပတ်သက်ပြီး သာသနာရေးအမြင်အရ ဖသ်ဝါ ဓမ္မသတ် ထုတ်ပြန်ခဲ့တဲ့ အောက်မြန်မာနိုင်ငံရှိ သာသနာပိုင် ဆရာတော်ကြီးတွေက သူ့ကို တောင်းပန်ဖို့၊ လူသိရှင်ကြား သောင်ဝ်ဗဟ် အမှားဝန်ခံဖို့ဆိုတဲ့ အချက်တွေပါ။ သူရည်ညွှန်းတဲ့ ဆရာကြီးတွေထဲမှာ ကျနော် မှတ်မိသလောက်ပြောရရင် ဘာသာခြားတွေကတောင် သူတောင်စင် တစ်ယောက်အဖြစ် သတ်မှတ်ခံထားရတဲ့ မောင်ဝ်လာနာ ဟေဒါယသွလ္လာဆပ်နဲ့ မွတ်ဖ်သီနူးရ်လို ပြည့်ဝ ထက်မြတ်တဲ့ပုဂ္ဂိုလ်တွေတောင် ပါဝင်နေပါတယ်။
ကျနော် ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုယ်/စိတ် မအီမသာ ဖြစ်ခဲ့ရပါတယ်။ ဒါတွေကို ဘယ်လို ချေပရမှန်းလဲမသိဘူး။ ရေးသားထားပုံကလဲ အချက်အလက် သိပ်ကို စုံလင် စေ့ငှတယ်။ အဖြစ်မှန်ကိုလဲ ဂဃနဏ မသိဘူး။ ဘယ်သူမှန်/မှားတယ်ဆိုတာကိုလဲ မဝေခွဲတက်ခဲ့ဘူး။ ဒါကတော့ ကျနော့်ရဲ့ အားနည်းမှုပါ။
ရေးထားတဲ့ပုဂ္ဂိုလ်ဆိုတာလဲ နှယ်နှယ်ရရတော့မဟုတ်ဘူး။ ဟိုတုန်းက MC ပြီးရင် ဒုတိယနေရာလိုက်တယ်ဆိုတဲ့ တနည်းပြောရရင် ဒုတိယအတော်ဆုံးဆိုတဲ့ပုဂ္ဂိုလ်တွေတက်ရတဲ့ RIT (သို့) YIT ကျောင်းဆင်း အင်ဂျင်နီယာလဲဖြစ်၊ အာလင်မ်လဲဖြစ်နေတယ်။ ဒါကြောင့် သာမန်ပုဂ္ဂိုလ်တွေတော့ မဆိုထားနဲ့ ခေတ်ပညာတက်တစ်ယောက်ထက် သူဟာ အာလင်မ်ဖြစ်နေတာကြောင့် ခေါင်းတစ်လုံး သာနေသလို၊ အာလင်မ်တွေထက်လဲ ဘွဲ့ရဆိုတဲ့ဂုဏ်ပုဒ်ကြောင့် ခေါင်းတစ်လုံး သာနေတယ်။ အာလင်မ်တော်တော်များများမှာကလဲ ခေတ်ပညာတက်ရင်ကို အထင်ကြီးတတ်တဲ့ ဉာဉ်လေးတွေ ရှိတာကိုး။ ဒီနှစ်ခုရဲ့ အားနည်း/အားသာချက်တွေကိုသိထားတဲ့ ဒီပုဂ္ဂိုလ်ကာရီဆပ်က သိထားတယ်လေ။
အဲဒီနောက် ဘာတွေဘယ်လို ဆက်ဖြစ်ကြတယ်တော့ မသိဘူး။ ကျနော်တို့ကလဲ နယ်ကကို။ ရန်ကုန်ကို အရောက်အပေါက် သိပ်နည်းတယ်လေ။ သဂ်ျဝီးဒ်တွေလဲ နဲနဲတော့ ငြိမ်သွားသလိုပဲလို့ သတိတော့ထားမိတယ်။ အရင်ကလောက် မဟုတ်တော့ဘူးဗျ။
နောက် သိပ်မကြာဘူး “ကွဲလွဲခြင်းသည် ရဟ်မသ်၊ ကွဲပြဲခြင်းသည် အဇာဗ်”ဆိုပြီး စာအုပ်တစ်အုပ် အလကား လိုက်ဝေတယ်ဗျ။ ကျနော်နေတဲ့ မြို့မှာလဲ ဒီစာအုပ်ကို အဲဒီရေးတဲ့ ကာရီဆပ်ကိုယ်တိုင် ကားသုံးစီးလောက်နဲ့ရောက်လာတယ်။ တစ်စီးကတော့ စာအုပ်တွေတင်လာတဲ့ ကားသေးလေး။ အဲဒီကားကနေ မြို့ပေါ်က သူနဲ့ပတ်သက်သမျှလူတွေဆီကို လက်ဆင့်ကမ်း ဝေငှသွားတယ်။ ဒီစာအုပ်ရတော့ ကျနော်နဲ့ ရွယ်တူအာလင်မ်လေးတွေက မက္ကာဟ်အိမာမ် ကာရီဆိုဒိုက်စ်နဲ့ ကာရီရှိုရိုင်းမ်တို့တောင် စလဖီလို့ ကြေငြာလိုက်ပြီ။ စလဖီဆိုတာကို ကမ္ဘာ့အကာဗီလ်ကြီးတွေကလဲ လက်ခံလိုက်ပြီ။ ဘာညာပေါ့ဗျာ။
ကျနော့်ကိုလဲ ဒီစာအုပ်လာပြတယ်။ ဒီဗွီဒီအခွေလဲ ကြည့်ရတယ်။ ဟာ ကျနော် သိသိချင်း စိတ်တွေ အရမ်းကို ခြောက်ခြားနေမိတယ်ဗျာ။ အလ္လာဟ် အလ္လာဟ် ဘာတွေ ဘယ်လိုများ ဖြစ်ကုန်ပြီလဲ။ ကျနော် အရမ်းစိုးရိမ်နေမိတယ်။ မြို့ပေါ်မှာလဲ စာအုပ်တွေက သိပ်ကိုပျံ့နှံ့နေပြီ။ ဘာပဲဖြစ်ဖြစ် ကျနော် အမှန်တရားဆိုတာကို ရှာဖွေနေတယ်။ သိချင်နေတယ်။ လိုချင်နေမိတယ်။ စာအုပ်ထဲဖတ်ကြည့်လိုက်တော့ ကြပ်သီးတွေတောင် ထလာမိတယ်။ စလဖီဆိုတာ မဇ်ဟဗ်တစ်ခုလိုပဲလို့တောင် ထင်နေမိတော့တယ်။ ဇရားကွက်နဲ့ကို စနစ်တကျ မဇ်ဟဗ်တွေရဲ့ ကွဲပြားမှုတွေမှာ စလဖီလဲ တစ်ခုပါနေတယ်။ နောက် ကျနော်တို့ရဲ့ ဆရာကြီး ဟာရှင်မ်ဘိုဒီးဆပ်ရဲ့ အသံ၊ မွတ်ဖ်သီဆပ်ရဲ့အသံ၊ ဟိဒါယသွလ္လာဟ်ဆပ်ရဲ့အသံတွေကိုလဲ ကြားရတယ်။ ကာရီဆပ်ရဲ့အသံကိုလဲ အဲဒီခွေထဲမှာ ကြားဖူးခဲ့တာပေါ့။ သူ့အသံက မာနသံတွေလိုလို၊ အဲဟ်လေ့ဟဒီးဆ်၊ ကာဿီယာနီတွေ မြန်မာနိုင်ငံက ဟဇရသ် အကာဗီလ်တွေကို ပြောနေတဲ့ လေသံတွေလိုလို၊ စလဖီဝါဒီတစ်ဦးက စလဖီဝါဒဖြန့်နေသလိုလို ဖြစ်နေတယ်။ ဒါပေမဲ့ သူက အခိုင်အမာနဲ့ စလဖီမဟုတ်ဘူး၊ ဟနဖီပါလို့တော့ ပြောနေတယ်။ ဘာနဲ့သွားတူသလဲဆိုရင် ကျီးကန်းက ကျီးကန်းတော့ဟုတ်တယ်။ ဒေါင်းတွေကို အားကျနေတဲ့လေသံမျိုးပေါ့။
ကျနော် ဒီကိစ္စကို ဘယ်သူနဲ့မှ အငြင်းအခုံမလုပ်တော့ဘူး။ နှုတ်ဆိတ်ပြီး နေလိုက်တယ်။ သူတို့ အောင်ပွဲခံနေကြတာကိုး။ စိတ်ထဲမှာတော့ သိနေတယ်။ ဒီစာအုပ်ဟာ သာသနာကို ဖျက်ဆီးဖို့ လက်နက်တစ်ခုပဲ။ ဒီစာအုပ်ကြောင့် အွမ္မသ်တစ်ခုလုံး ဗြောင်းဆန်သွားနိုင်တယ်။ မီးခိုးကြွက်ချောက် ဖြစ်ကုန်လိမ့်မယ်။ အမှန်တရားနဲ့ ဆန့်ကျင်နေတဲ့ စာအုပ်ဆိုတာကိုတော့ အလ္လာဟ့်အလိုတော်နဲ့ သေသေချာချာ သိနေတယ်။ အမှန်တကယ်ကိုပဲ ဆိုဒိုက်စ်က စလဖီလို့ ကြေငြာခဲ့ရင်လဲ သူမှားတယ်။ သူ့ဟာသူ ဘာကြီးပဲ ဖြစ်နေဖြစ်နေပေါ့။ နောက် အခွေထဲမှာလဲ ဆိုဒိုက်စ်တို့ရဲ့ ပါကစ္စတာန်ခရီးစဉ်ပုံစံက ခေါင်းစဉ်မဖော်ပြတတ်ပေမဲ့ ကြည့်ရတာ တစ်မျိုးကို ဖြစ်နေတယ်။ ဘ၀င်မကျမိဘူး။ ဒီအတွက် တစ်ခုခုကို မျှော်လင့်နေမိတယ်။ ပါကစ္စတန်မှာ ရှိနေတဲ့ သူငယ်ချင်းတွေဆီလဲ အဆက်မပြတ် ဆက်သွယ်ပြီး ဒီကိစ္စကို လေ့လာနေခဲ့တယ်။
(အလ်ဟမ်ဿးုလစ်လ္လား) ချီးမွှမ်းထောပနာမှုတွေဟာ အရှင်မြတ်အတွက်ဖြစ်ပါတယ်။ အရှင်မြတ်ရဲ့ နေအ်မသ် ဂရုဏာတော်ကြောင့် သိပ်မကြာဘူး။ ဒီစာအုပ်အတွက် အိုလမာအဖွဲ့ချုပ်က ဦးဆောင်ပြီး အာလင်မ်ခုနှစ်ဦးပါတဲ့ အောက်မှာ ဖော်ပြထားတဲ့ ကြေညာချက် တစ်စောင် ထွက်လာပါတော့တယ်။
---------------------------------------------------------------------------------------------------------------
အစ္စလာမ် ဘာသာဝင် အပေါင်းတို့ခင်ဗျား -
လွန်ခဲ့သော (၂)ပတ်ခန့်က “ကွဲလွဲခြင်းသည် ရဟ်မသ်၊ ကွဲပြဲခြင်းသည် အဇားဗ်” မည်သော စာအုပ်တစ်အုပ် ထွက်လာခဲ့ပါသည်။ ယင်းစာအုပ်တွင် အများမွတ်စ်လင်မ် ထင်ယောင်ထင်မှား ဖြစ်စေရန် အထောက်အထားများကို (ဖြတ်၊ ညှပ်၊ ကပ်) ပြုလုပ်ပြီး လိုရာဆွဲ၍ ပြန်ဆိုထားခြင်း၊ မူရင်းစာသားအချို့ကို ချန်လှပ်၍ ပြန်ဆိုထားခြင်း၊ မိမိဘက်မှ ဖြည့်စွက်ရေးသားခြင်း၊ မြန်မာပြည်ရှိ အာလင်မ်သာသနာ့ ပညာရှင်ကြီးများနှင့် အစ္စလာမ်ဘာသာဝင်များအား စော်ကားထားခြင်းများ ပြုလုပ်ထားသည်ကို တွေ့ရပါသည်။
သာဓကအားဖြင့် ဖော်ပြရသော် -
- ၄င်းစာအုပ်တွင် ဂျာမေအဟ်ဒါရွလ်အုလူမ်ကရာချီပါကစ္စတန်ဖသ်ဝါဌာနမှ အိုလမာ အဖွဲ့ချုပ်သို့ ပေးပို့သောစာကို ဖော်ပြရာတွင် မူရင်းစာသားအချို့ကို ချန်ထားပြီး မိမိလိုရာကိုသာ ဖော်ပြထားခြင်း၊ ဥပမာ- မူရင်းစာ အောက်ဆုံးအပိုဒ်တွင် “အကယ်၍ မည်သည့် အုပ်စုမဆို ပညာရေးကို အကြောင်းပြပြီး သက္ကလီးဒ် မပြုကြရန် စွဲဆောင်နေလျှင် မိမိတို့၏ သားသမီးများကို ၎င်းတို့၏ စာသင်ကျောင်းများတွင် ပညာဆည်းပူးခြင်းမှ တားမြစ်ရမည်။”ဟူသော မူရင်းစာသားကို ချန်ထားခဲ့ခြင်း။
- ၄င်းစာအုပ်ကို ရေးသားသူသည် မိမိကိုယ်မိမိ “ဟနဖီ မဇ်ဟဗ်”၀င် ဖြစ်သည်ဟု ရေးသား ဖော်ပြထားပါလျက် စလဖီ အယူဝါဒကိုသာ စာအုပ်တစ်အုပ်လုံးတွင် အားပေးဖော်ပြထားခြင်း။
- ၄င်းစာအုပ်တွင် "မြန်မာပြည်ရှိ အစ္စလာမ်သည်လည်း ကုရ်အာန်ကျမ်းတော်၊ စွန္နသ်တော်နှင့် ဆန့်ကျင်သော အစ္စလာမ် ဖြစ်နေရုံသာမက အကာဗိရ်များ၏ လမ်းစဉ်နှင့်လည်း ဆန့်ကျင်နေသည့် အစ္စလာမ်သာ ဖြစ်နေရပါတော့သည်" ဟု ရေးသားထားခြင်း။
- ၄င်းစာအုပ်တွင် "မိမိတို့မျက်လုံးကို အမှောင်ထဲ စုံမှိတ်ကာ ဆရာကြီးတွေနောက် ကောက်ကောက်ပါအောင် လိုက်နေကြတဲ့ မွတ်စ်လင်မ်လူထုကြီးကို ဒီအတိုင်းပဲ ဆက်လျှောက်နေလျှင် အလွန်နက်ရှိုင်းတဲ့ ချောက်ကြီးထဲသို့ ကျသွားမှာဖြစ်နေလို့"ဟု ရေးသားထားခြင်း။
- ၄င်းစာအုပ်တွင် "ဒီကနေ့အထိ ဆရာကြီးတွေရဲ့ မှားယွင်းချွတ်ချော်မှုတွေနဲ့အတူ လွှမ်းမိုးလျက်ရှိနေတာကို အမှန်တည့်ပေးမယ့် ဆရာသခင် (ကျွန်တော်မှအပ) တစ်ပါးမှ မပေါ်ပေါက်သေးပါ"ဟု ရေးသားထားခြင်း။
- ၄င်းစာအုပ်တွင် မှန်ကန်သော မဇ်ဟဗ် (၄)ခုနှင့် တစ်ဆက်တည်း စလဖီကိုလည်း မဇ်ဟဗ်တစ်ခုဟု ဖော်ပြကာ မွတ်စလင်မ်ထုအား မဇ်ဟဗ် (၅)ခုရှိသယောင် မဟုတ်မမှန် ဖော်ပြထားခြင်း။
- ၄င်းစာအုပ်တွင် ဂိုင်းရ်မုက္ကလိဒ်၏နောက်တွင် နမာဇ်ဝတ်ပြုပိုင်သည်ဟူ၍ ကျမ်းကြီးကျမ်းငယ်များမှ အထောက်အထားများကို မူရင်းစာ (စ၊လယ်၊ဆုံး)မှ မိမိဖော်ပြလိုသည်ကိုသာ နှိုက်ထုတ် ပြန်ဆို တင်ပြထားခြင်း။
- ၄င်းစာအုပ်တွင် ကအ်ဗဟ်ကျောင်းတော်၏ အိမာမ်များဖြစ်သည့် ရှိုင်ခ်စုဒိုက်စ် နှင့် ရှိုင်ခ်ရှိုရိုင်းမ် တို့သည် “စလဖီ ဖြစ်သည်ဟု ဖော်ပြထားကြောင်း တွေ့ရပါသည်။ ဤသည်မှာ လုံးဝ မဟုတ်မမှန် ဖော်ပြချက် တစ်ရပ်သာ ဖြစ်သည်။ ဖော်ပြပါ အိမာမ်များသည် မိမိကိုယ်မိမိ စလဖီဖြစ်ကြောင်း ယတိပြတ် အသုံးအနှုန်းဖြင့် ကြေငြာချက်တစ်စုံတစ်ရာ ပြုလုပ်ထားခြင်း မရှိပါ။ အမှန်စင်စစ် ကအ်ဗဟ် ကျောင်းတော်နှင့် မတ်စ်ဂျိဒေနဗ၀ီ၏ သာသနာရေးဆိုင်ရာ အကြီးအကဲ ဥက္ကဋ္ဌကြီးဖြစ်သည့် ရှိုင်ခ် မုဟမ္မဒ် ဗင်န် အဗ္ဗဒွလ္လာဟ် အပ်စ်စုဗိုင်ယိလ်က မုချ ဟရမိုင်းန်တွင် ရှိကြကုန်သော အိမာမ်များသည် အိမာမ် အဟ်မဒ်ဗင်ဟမ်ဗလ် ရဟ်မသွလ္လာဟ်သခင်၏ နောက်လိုက် “ဟမ်ဗလီ” မဇ်ဟဗ်ဝင်များဖြစ်ကြောင်း ဖြေကြားသည့် အထောက်အထား အတိအလင်း ရှိပေသည်။ ၎င်းမှာ- ထိုဟရမိုင်န် ရှရီဖိုင်း(န်)၏ အိမာန်များသည် “ဟမ်ဗလီ”မဇ်ဟဗ်ဝင်များ ဖြစ်ကြသလားဟု မေးမြန်းထားသည်ကို ဟရမိုင်န်း၏ ဥက္ကဋ္ဌကြီးက ဖြေကြားထားသည်မှာ “ဟုတ်ကဲ့၊ ၄င်းတို့သည် အဲ့ဟ်လေစွန္နသ် အိမာန်ကြီးတစ်ပါးဖြစ်သည့် အိမာန်အဟ်မဒ်ဗင်န်ဟမ်ဗလ် ရဟ်မသွလ္လာဟ် သခင်ကြီး၏ နောက်လိုက်များ ဖြစ်ကြပါသည်။”
- ၄င်းစာအုပ်တွင် ပါကစ္စတန်နိုင်ငံ ကရာချီမြို့၌ ကျင်းပသော ကအ်ဗဟ်ကျောင်းတော်၏ အိမာမ်အား ကြိုဆိုသည့် သီးခြားအခမ်းအနားနှစ်ခုကို ဟနဖီအကာဗိရ်အကြီးအကဲများနှင့် အဲဟ်လေ့ဟဒီးစ် (စလဖီ) ပညာရှင်ကြီးများ ပူးပေါင်းလျက် မိန့်ခွန်း ပြောနေကြပုံများဟူ၍ အခမ်းအနား တစ်ခုသယောင် လိမ်လည် ဖော်ပြထားခြင်း၊ စသည့် အချက်များအပြင် နောက်ထပ် လိမ်လည် လှည့်ဖျား၍ ရေးသားထားသည့် အချက်များစွာတို့ကို “ကွဲလွဲခြင်းသည် ရဟ်မသ်၊ ကွဲပြဲခြင်းသည် အဇားဗ်” မည်သော စာအုပ်တွင် တွေ့ရှိရပါသည်။ သို့ပါ၍ ၎င်းစာအုပ်ကို အစ္စလာမ် ဘာသာဝင်များ ဖတ်ရှုလေ့လာခြင်းဖြင့် အီမာန်ကို ထိခိုက်ပျက်စီးစေမည့်အပြင် ကျင့်စဉ်များကိုလည်း ထိခိုက်နိုင်ပြီး အချင်းချင်း ၀ိဝါဒကွဲ၍ အငြင်းပွားကာ ပြဿနာများ ပေါ်ပေါက်နိုင်ပါသည်။
ဖတ်ရှုလေ့လာခြင်း၊
လက်ဝယ်ထားရှိခြင်း၊
တဆင့်ပြန်လည်ဖြန့်ဝေခြင်း စသည်များကို လုံးဝ မပြုလုပ်ကြပါရန် အသိပေးအပ်ပါသည်။
---------------------------------------------------------------------------------------------------------------
ကာရီတွေ အသံကောင်းကောင်းနဲ့ ကိရာအသ်တွေ ဆိုဖို့ထက် အစ္စလာမ့်ရင်သွေးငယ်တွေ ကလိမာစာပိုဒ်တွေ ရွတ်ဆိုတတ်ဖို့က အရေးကြီးပါတယ်။ စလာမ်ကို သဂ်ျဝီးဒ်နဲ့ ပေးတတ်ဖို့ဆိုတာထက် နမားဇ်ကို ကောင်းကောင်းဖတ်တတ်ဖို့က အရေးကြီးပါတယ်။ သဂ်ျဝီးဒ်ပညာရပ်နဲ့ အချိန်ကုန်နေဖို့ထက် ရိုဇာဟ်ရဲ့ မတ်စ်အလာဟ်တွေ သင်ယူဖို့က ပိုရေးကြီးပါတယ်။ သဂ်ျဝီးဒ်တွေအတွက် ငွေတွေသုံးဖို့ထက် အခြားသော သာသနာ့ပညာတွေအတွက် ငွေတွေ စိုက်ထုတ်သင့်ပါတယ်။
ကိုယ်တော်မြတ်ကြီးနဲ့တပည့်ဆွဟာဗာတွေဟာ သာသနာကို ဆင်းရဲဒုက္ခခံပြီး ရိုးစင်းတဲ့ပုံစံနဲ့ ဖြန်ချိခဲ့သလို ယဟူဒီ၊ နဆွာရာနီတွေဟာ ငွေတွေသုံးပြီး ပကာသန စည်းစိမ်တွေ မက်လုံးပြ ငွေတွေပုံအောသုံးပြီး သူတို့သာသနာကို ဖြန့်ချိနေကြတယ်။ တမန်တော့်ရဲ့ အွမ္မသ်ဖြစ်နေပြီးတော့ ဟိုလူတွေရဲ့ ပုံစံနဲ့ ဘာလို့ သာသနာပြုနေရတာလဲ။
ဘာပဲဖြစ်ဖြစ်ပေါ့ ကာရီဆပ်ရေ UOI မှာ အစ်မကြီးတစ်ယောက်က ရေးသွားတာလေးကို သတိရမိတယ်ဗျ။ သူပြောသွားတာလေးက ရှင်းပါတယ်။ “မြန်မာပြည်ရဲ့ အတိက အစ္စလာမ်ကို လျှောက်လှမ်းခဲ့တာ ဟနဖီ အာလင်မ်ကြီးတွေပါ။ သူတို့တွေ အချိန်တွေကို အွမ္မသ်အတွက်ပဲ အသုံးချခဲ့တယ်။ သူတို့ဘ၀တွေကို သာသနာအတွက် အပြီးအပိုင် စတေးခဲ့ကြတယ်။ သူတို့ သာသနာကို ထွင်းဖောက်တဲ့ လမ်းတွေက သိပ်ကိုကြမ်းတမ်းလွန်းပါတယ်။ အဲဒီတုန်းက ဂိုရ်မုကလ်လစ်ဒ်တွေ ဘယ်ရောက်နေကြလဲ? အခုမှ လာပြီး စလဖီ သံကောင်းလာဟစ်ပြမနေပါနဲ့။ စလဖီဝါဒကို တို့ မြန်မာမွတ်စလင်မ်တွေ အလိုမရှိဘူး” တဲ့ဗျာ။ အစ်မရေ တကယ်ကို မှန်ကန်တဲ့ စကားလေးဖြစ်လို့ ဒီနေရာမှာ ယူသုံးလိုက်ပါတယ်ဗျာ။
မှတ်ချက်........တဆင့်ကူးယူဖော်ပြထားသည်။ yunus
အဟ်လေ့စွန္နတ် ဝလ်ဂျမာအတ် အာကီဒါနှင့်ကွဲလွှဲနေကြောင်း တင်ပြပါသည်။ ၎င်းအပြင်အင်တာနက်မှရှာဖွေ၍ စလ်ဖီဆိုင်ရာသိကောင်းစရာထောက်အထားများကိုလည်းဆက်လက်တင်ပြပါသည်။ကျွန်တော်ဖတ်ဖူးသောလေ့လာ
ခဲ့သောစာအုပ်ထဲမှတွေ့ရှိချက်အချို့ကိုကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။
၁။-(မူလရေး သူ ဆီးရီးယားနိုင်ငံသား ရှိက်မူဟမ္မဒ် စအီးဒ်ရာမ်ဘူတွီ(အရဘီလူမျိုး)
၂။-၎င်းစာအုပ်ကို စလ်ဖိယတ် ကေ အေက်ဂျာအေဇာအမည်ဖြင့် အူရ်ဒူဘာသာသို့ မော်လနာမူဟမ္မဒ်အာရိဖ်(ဒါရုလ်အူလူမ်ဒေယိုဘန်-ဆရာကြီး)က ပြန်ဆိုသည်။
၃။-တဖန်မြန်မာဘာသာသို့ (မော်လနာမိုဟမ္မဒ်အိလ်ယာစ-မဟ်မူဒီ်)က ပြန်ဆိုပါသည်။
၎င်းစာအုပ်၏စာမျက်နှာ(၁၁၉) တွင်အောက်ပါအချက်သည်အဟ်လေ့စွန္နတ် ဝလ်ဂျမာအတ် အာကီဒါနှင့်ကွဲလွှဲနေတွေ့ရှိရပါသည်။
၂။-နစ်ရာနီဇဗဟ်ပြုသော သားကောင်း စားပိုင်ခြင်း
၃။-တွာလက် (၃)ကြိမ် တစ်ခွန်းဖြင့် ပေးခြင်းဖြင့် တစ်ကြိမ်သာ အထမြောက်သည်ဟုဆိုခြင်း
၎။-အဗရဟ်ဘုရင်နှင် အပေါင်းပါဆင်တပ်တို့သည်ရေကြောက် ရောဂါဖြစ်စစ်ဂှုံးခဲyသည်အဘာဘိလ်ငှက်လာ၍ကျောက်ခဲပေါက်သည်အတွက်စစ်ရှုံးသည်ဆိုခြင်း မဟုတ်ပါ။
၅။ဗဒရ်စစ်ပွဲ`၌မလာအီကာများကိုစစ်ကူပို့သည်ဟုပြောဆိုခြင်းသည်အမှန်မဟုတ်ပါ။အလ္လာဟ်အရှင်
မြတ်က စိဆတ်တက်ကြွစေရန်အားပေးစကာပြောလိုက်ခြင်းဖြစ်သည်။
၆။-တမန်တော်မြတ်(စွ)ဟာယတောတ်နဗီပေ။ဇေယာရတ်လုပ်ခြင်းသည်ဗိဒါအတ်ဖြစ်သည်။
၇။-မစ်ဂျိဒေနဗဝီ`၌ နမာဇ်တစ်ကြိမ်ဖတ်လင် အဆ ငါးသောင်းရရှိ မဟုတ်ပါ။အဆတစ်ထောင်သာရရှိ
မည်။
၈။-တမန်တော်မေအ်ရာဂ်ျကို ရုပ်ခန္ဓာဖြင့်ကြွမြန်သွားခြင်းမဟုတ်ပါ။ဝိညာဏ်ဖြင့်သွားခဲ့ခြင်းဖြစ်သည်။
၉။-ဝစီလာအမီသဟဲပြု၍ ဆုမွန်ပြုခြင်းသည်ဟရာမ်၊ဗီဒါအတ်၊ရှီရိက်ဖြစ်သည်။
၁၀။-တဗ်လိဂ်ဂျမာအတ်ကိုလက်မခံခြင်း၊မတော်မရော်ပြောဆိုပြီးဗီဒါအတ်ကိုလုပ်ဆောင်နေကြံသူများ
ဟုစွပ်စွဲခြင်း။
၁၁။- တဆောင်ဝုဖ် ဗိုင်အတ်ပြုပေးခြင်းတို့ကို လက်မခံခြင်း။
စလ်ဖီနှင့်အဟ်လေ့စွန္နတ်တို့အကြားမစ်အလဟ်ပိုင်းဆိုင်ရာကွဲလွဲမှုများအနက်အချိုကိုတင်ခြင်းဖြစ်သည်။
( ကိုစိုင်မောင်)
If you like this please Link Back to this article...
No comments:
Post a Comment
မှတ်ချက်များတွက် ကျေးဇူးတင်တယ်။