Thursday, August 09, 2012

လိုက်လသွလ်ကဒ်ရ်

 


ကဒ်ရ်၏အဓိပ္ပာယ် ကြီးကျယ်ခြင်း ၊ ထူးကဲမြင့်မြတ်ခြင်း

အချိန်နှင့်နေရာတို့၏ဗီဇသဘောမှာမြင့်မြတ်ခြင်းဟူ၍မရှိပေး။ ထိုအချိန်နှင့်နေရာတို့တွင်ဖြစ်ပေါ်သော မြင့်မြတ်သည့်အကြောင်းအရာများကြောင့်သာထူးကဲမြင့်မြတ်  သွားကြပေသည်။

ကဒ်ရ်ညဥ့်၏မြင့်မြတ်ရခြင်းအကြောင်းအရင်းခံများ

၁။ ။ ကုရ်အာန်းချပေးခြင်းခံရသောည
(انا انزلنه فى ليلة القدر)
အလ္လာဟ်အရှင်မြတ်သည်ကုရ်အာန်ကျမ်းတော်မြတ်ကို ရမသွာန်လမြတ် ကဒရ်ညဥ့်၌ လောင်ဟေ့မဟ်ဖူးဇ်မှ ဤကမ္ဘာ၏မိုးကောင်းကင်သို့ စတင်ချမှတ်ပေးတော်မူခဲ့သည်။ထိုညမှစတင်၍တမန်တော်မြတ်ထံသို့ လိုအပ်သလို ချပေးတော်မူခဲ့သည်။
ကုရ်အာန်ထက်မြင့်မြတ်ရာဟူ၍ မရှိ အရှင်မြတ်သည် အနှိုင်းမဲ့အရှင်ဖြစ်သဖြင့် ကျမ်တော်မြတ်ကုရ်အာန်သည်လည်းအနှိုင်းမဲ့ဖြစ်ပေသည်။
ကုရ်အာန်၏(قدر) မြင့်မြတ်မှုကြောင့် ဤညဥ့်သည်မြင့်မြတ်ခဲ့ပေသည်။


၂။ လိုင်လသွလ်ကဒ်ရ်ဟု အရှင်မြတ်ကိုယ်တော်တိုင်အမည်ပေး ခေါ်တွင်စေပြီး အမေးဝါကျပြုထားခြင်း ။
(وماأدراك ماليلة القدر)
       လိုင်လသွလ်ကဒ်ရ်ဟု အရှင်မြတ်ကိုယ်တော်တိုင်အမည်ပေး ခေါ်တွင်စေပြီး အမေးဝါကျပြုထားခြင်းမှာ ထိုည၏  မြတ်ထွဋ်မှုကို  ထင်ရှားစေရန်အတွက်ဖြစ်ပေသည်။


၃။ ကဒ်ရ်ညမြတ်တစ်ညတာအေဗာဒသ်ပြုခြင်း၏(قدر)မြင့်မြတ်မှု
(ليلة القدر خير من ألف شهر)
ကဒ်ရ်ညဥ့်မြတ် တစ်ညတာအေဗာဒသ်ပြုခြင်းသည် အခြားသော လပေါင်း တစ်ထောင့် ( ၈၃)နှစ်
အေဗာဒသ်ပြုခြင်းထက်သာမြတ်ပေသည်။
ဤ ညဥ့်သည် ဘ၀သက်တန်း၏ အခွင့်ကောင်းတစ်ခုဖြစ်ပေသည်။   မိမိဘ၀သက်တန်း၌ လက်လွတ်ဆုံးရှုံးခဲ့ရသော အရာများကို ထိုည၌ ပြန်လည်ရရှိနိုင်ပေသည်။ ဤညဥ့်သည်ကား  မိမိရရှိသောသက်တန်းအပြင်   သီးခြားချီးမြှင့်ပေးခြင်း ခံရသောသက်တန်း တစ်ခုပမာဖြစ်ပေသည်။ ဤညဥ့်သည် လူသားတစ်ဦး၏ ရရှိသောသက်တန်းတစ်ခုပမာ အရေးပါကြီးကျယ်လှပေသည်။ တစ်ညတာဖြင့် ဘ၀သက်တန်းတစ်ခုစာကောင်းမှုပြုခြင်း အဖြစ်ရေးမှတ်ပေးခြင်းခံရပေသည်။


၎။ကောင်းကင်တမန်တော်ဂျစ်ဗ်ရာအီလ်နှင့် ဖရစ်ရှ်သာများဆင်းသက်ခြင်း၏ (قدر)မြင့်မြတ်မှု
(تنزل الملائكة والروح )
ကဒ်ရ်ညဥ့်မြတ်၌ ကောင်းကင်တမန်တော်ဂျစ်ဗ်ရာအီလ်သည် ဖရှစ်သာများခြံရံလျှက်ဆင်းသက်လာပြီး
အေဗာဒသ်ပြုသူများအတွက် အန္တရယ်ကင်းရန် ဆုပန်ပေးကြသည်။ ကောင်းကင်တမန်တော်များ၏
(قدر) သည် ကြီးကျယ်မြင့်မြတ်လှပေသည်။ အရှင်မြတ်၏ အမိန့်ကို အမြဲထာဝရနာခံလျှက်ရှိကြပေသည်


၅။ ကဒ်ရ်ညဥ့်၌ ကျရောက်လာမည် စလာမသ်၏ (قدر) မြင့်မြတ်မှု
(سلام هي حتى مطلع الفجر )
ကဒ်ရ်နေ့တွင် နေ၀င်ချိန်မှ စ၍နံနက်ချိန်ထိတစ်ညတာလုံး ကောင်းချီးမင်္ဂလာအဖြာဖြာကျရောက်ပေမည်။


၆။ အလ္လာဟ်အရှင်မြတ်သည် ဤညဥ့်၏ မြင့်မြတ်မှုများကို စူရဟ်တစ်ပုဒ်အဖြစ် ချပေးတော်မူပြီး  ကေယာမသ်နေ့တိုင် ရွတ်ဖတ်စေခြင်း၏( قدر) ကြီးကျယ်မှုများကြောင့် ဤညဥ့်သည် မြင့်မြတ်
သွားပေသည်။
မြင့်မြတ်သောအချိန်နှင့်နေရာကိုဖြတ်သန်းခဲ့ပြီး မြင့်မြတ်စေသည့်အကြာင်းအရာများကို ရယူခဲ့လျှင် ထိုလူသားသည် ယင်းအချိန်နှင့်နေရာထက်သာလွန်မြင့်မြတ်သွားပေမည်။
လူသားသည်ဗီဇသဘောအရမြင့်မြတ်ပြီးဖြစ်ပေသည်။ ထိုလူသား၏ ( قدر) မြင့်မြတ်မှုများကို အမိန့် ဖီဆန်ခြင်းဖြင့် အသေးအသိမ်မပြုသင့်ပေ။လူသားသည်ဖန်ဆင်းခံများ၌ အရွေးချယ်ခံ အကောင်းဆုံးဖန်ဆင်ခံ
ဖြစ်ပေသည်။အပြစ်ရှောင်ကြင်သူ လူသားအတွက် ဂျန္နသ်ကို အသင့်ပြင်ဆင်ထားပေသည်။ယင်းဂျန္နသ်သည် အရှင်မြတ်၏အမိန့်နာခံသူတို့အတွက်ဝေစုဖြစ်ပေသည်။လောကီစည်စိမ်များသည် အရှင့်ရန်သူ အိဗ်လီးစ်၏
ဝေစုဖြစ်ပေသည်။မိမိ၏ဝေစုကို ကျော်ခိုင်း၍ အိဗ်လီးစ် ၏ဝေစုကို မက်မောမှုမပြုသင့်ပေ။
လိုက်လသွလ်ကဒ်ရ် ညဥ့်မြတ်၌ မိမိ၏(قدر)မြင့်မြတ်မှုကို အလေးထားပြီးအေဗာဒသ်ပြုရန် အရေးကြီးလှပေသည်။
(အကြင်သူသည် လိုက်လသွလ်ကဒ်ရ်ညဥ့်မြတ်၌ နိုးကြား၍ယုံကြည်စွာဖြင့် စ၀ါဗ်မျှော်ကိုးမှုဖြင့် ကောင်းမှုပြုခဲ့
သူ၏အပြစ်အားလုံးပလပ်ချမ်းသာပြုပေးခြင်ခံရပေမည်ဟု မြတ်နဗီအမိန့်ရှိခဲ့သည်။)
မြတ်နဗီသည်ရမဇန်၏နောက်ဆုံး(၁၀)ရက်တွင်အခြားသောရက်များနှင့်မတူအေဗာဒသ်ပြုတော်မူ၏။
ထိုလိုက်လသွလ်ကဒ်ရ် ညဥ့်မြတ်အားရရှိစေရန် နောက်ဆုံး(၁၀)ရက်၌ အေ့အ်သေ့ကာဖ် အမြဲထိုင်လေ့ ရှိတော်မူခဲ့သည်။

လိုက်လသွလ်ကဒ်ရ် ညဥ့်မြတ်သတ်မှတ်ခြင်းနှင့်ပတ်သက်ပြီး ပညာရှင်များ၏အဆို (၄၆)ခု၌ အသာပေးခြင်းခံရသောအဆိုမှာ  ရမ်ဇန် နောက်ဆုံး(၁၀)ရက်၏ (မ)ရက်များဖြစ်ပေသည်။
ထို(မ)ရက်များထဲမှ အသာပေးခြင်းခံရသောအဆိုမှာ ရမ်ဇန်(၂၇)ရက်ည ဖြစ်ပေသည်။

( ليلةالقدر)၏ အက္ခရာအရည်အတွက်မှာ (၉)လုံးဖြစ်ပြီး စူရာကဒ်ရ်၌ ( ليلةالقدر)ကို (၃)ကြိမ် အမိန့်ရှိထားရာ ၉x၃=၂၇ ဟုအချိန်ပညာရှင်များက ဖေါ်ပြကြပေသည်။

                                                        အကောင်းဆုံးဒိုအာ
လိုက်လသွလ်ကဒ်ရ် ညဥ့်မြတ်နှင့်ပတ်သက်ပြီး သီးခြားသတ်မှတ်ထားသည့်နမာဇ်မရှိပေး။ အကောင်းဆုံးဒိုအာမှာ

                                        (အလ္လာဟွမအင်းနက အဖု့ဝန်သို့ဟိဗ်ဘွလ်အဖ်ဝ ဖွအ်ဖို့အန်နီ)

အိုအရှင် အရှင်မြတ်သည် ခွင့်လွှတ်ခြင်းကို မြတ်နိုးနှစ်သက်တော်မူပါ၏။ကျွန်တော်မျိုးတို့အားခွင့်လွှတ်တော်မူပါ။

mmolama မှ စွလာဟွဒ္ဒီးန်

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>
Related Posts Plugin for WordPress, Blogger...