Thursday, October 27, 2011

ခွသ်တဗါ ( ၅၀) ဇွလ်ဟဂ်ျလ

 ခွသ်တဗါ ( ၅၀) ဇွလ်ဟဂ်ျလ 


လေးစားရပါတဲ့ညီနောင်အပေါင်းတို့ခင်ဗျား-

မကြာခင်မှာပဲ ဇွလ်ဟဂ်ျလကျရောက်ပါတော့မည်။ အဲဒီလမှာ အစ္စလာမ် သာသနာတော်နှင့် ပတ်သက်တဲ့ ထူးခြားတဲ့ကျင့်စဉ်တွေ
ရှိနေပါတယ်။ အဲဒီလရဲ့ သတ်မှတ်နေ့ရက်တွေအတွင်းမှာ ကုရ်ဗာနီလုပ်ကြရတာကလည်း ထူးခြားတဲ့ကျင့်စဉ်ပါ။ ကုရ်ဗာနီနှင့်
ပတ်သက်လို့ ကုရ်ဗာနီအီးဒ်နေ့ပဲ ဟောကြားပါ့မည်။ အဒီလထဲမှာ ရိုဇာဟ်ထားရတဲ့ ကိစ္စ၊ ညကာလမှာ အိဗာဒသ်လုပ်ရတဲ့
ကိစ္စရှိနေပါတယ်။ အဲဒီအကြောင်းကိစ္စတွေကိုပဲ ဒီနေ့ခွသ်ဗါမှာ ဟောကြားပါမည်။

၁။ ဇွလ်ဟဂ်ျလ ပထမ ၁၀ ရက်ထဲမှာ တရားအားထုတ်ကျင့်ဆောင်တဲ့ ရက်ထက်ပိုပြီး အလ္လာဟ်အရှင်မြတ်(စွဗ်ဟာနဟူဝသအာလာ)
နှစ်သက်တော်မူတဲ့ တခြားရက်မရှိဘူး။ အဲဒီရက် တရက်ရဲ့ ရိုဇဟ်ဟာ တနှစ် ရိုဇဟ်စောင့်တာနှင့် ညီမျှတယ်။ အဲဒီရက်တွေရဲ့
ညမှာ တရားကျင့်တာဟာ ကဒရ်ညမှာ တရားကျင့်တာနှင့်ညီမျှတယ်"လို့ နဗီတမန်တော်မြတ်(ဆွ)က အသိပေးတော်မူထားပါတယ်။
ဇွလ်ဟဂ်ျလ ပထမ ၁၀ ရက်နေ့ဟာ အီးဒ်နေဖြစ်လို့ အဲဒီနေ့မှာ ရိုဇဟ်ထားတာ ဟရာမ်ပါ။ ဇွလ်ဟဂ်ျလ ပထမ ၁၀ ရက်ထဲမှာ
အရဖှာနေ့မှာ ရိုဇဟ်ထားဖို့ နှိုးဆော်တဲ့စကားအများကြီး လာရှိပါတယ်။

၂။ အရဖှာနေ့ရဲ့ ရိုဇဟ်ကြောင့် မနှစ်ကနှင့် နောက်လာမဲ့နှစ်ရဲ့ ငရဲတွေပျောက်ပြယ်ကုန်လိမ့်မည်...လို့ အလ္လာဟ်အရှင်မြတ် (စွဗ်ဟာနဟူဝသအာလာ)ထံတော်မှာ ငါမျှော်ကိုးမိတယ်လို့ တမန်တော်မြတ်(ဆွ)က ထုတ်ဖေါ်မိန့်တော်မူပါတယ်။
ဇွလ်ဟဂ်ျလ ၉ ရက်နေ့ဟာ အရဖှာနေ့ပါ။ အဲဒီအရဖှာနေ့မှာ ရိုဇဟ်ထားလျှင် ဘယ်လောက်ကုသိုလ်အကျိုးများတယ်ဆိုတာကိုတော့
အဲဒီဟဒီးစ်တော်အရပဲ သိရပါပြီ။
အဲဒီထူးမြတ်တဲ့ ၁၀ ရက်မှာ သပ်က်ဗီးရ်ဆိုဖို့လည်း ညွန်ကြားတော်မူထားပါတယ်။ ဖရ်ဇ်နမားဇ်ဖတ်ပြီးတိုင်း သပ်က်ဗီးရ်ကို မတိုးမကျယ်တဲ့အသံနှင့် ရွတ်ဆိုရပါတယ်။

၃။ ဟဇရတ် အဗ်ဒွလ္လာဟ်အိဗနုမတ်စ်အူးဒ်(ရဒွိယလ်လာဟုအန်ဟု)ဟာ အရဖှာနေ့ ဖဂျရ်နမားဇ်အပြီးကနေ ကုရ်ဗာနီနေ့အဆရ်နမားဇ်အပြီးထိ အလ္လာဟုအပ်က်ဗရ် အလ္လာဟုအပ်က်ဗရ်၊ လာအိလာဟအစ်လ္လလ္လာဟု ဝလ္လာဟုအပ်က်ဗရ်၊
အလ္လာဟုအပ်က်ဗရ် ဝလစ်လ္လာဟစ်လ် ဟမ်းဒ် လို့ သပ်က်ဗီးရ် ရွတ်ဆိုတော်မူလေ့ရှိတယ်လို့ ကျမ်းဂန်တွေမှာ လာရှိပါတယ်။

၎။ ဟဇရတ်အလီ (ရဒွိယလ်လာဟုအန်ဟု)သခင်ကြီးကတော့ ဇွလ်ဟဂ်ျလ ၉ ရက် အရဖှာနေ့ ဖဂျရ်နမားဇ်အပြီးကနေ
အိုက်ယာမုသပ်ယှရီးက်-ဇွလ်ဟဂ်ျလ ၁၃ ရက်နေ့ အဆရ်နမားဇ်အပြီးအထိ ဖရ်ဇ်နမားဇ်ဖတ်ပြီးတိုင်း ဖေါ်ပြခဲ့တဲ့သပ်က်ဗီးရ်
ရွတ်ဆိုတော်မူလေ့ရှိတယ်လို့လည်း ကျမ်းဂန်တွေမှာလာရှိပါတယ်။

အခုတင်ပြခဲ့တဲ့ ဟဒီးစ် ၂ ပုဒ်က ဖရ်ဇ်နမားဇ်ပြီးတိုင်း သပ်က်ဗီးရ်ရွတ်ဆိုဖို့လိုအပ်တဲ့အကြောင်းထောက်ပြထားပါတယ်။
ဟဇရတ်အလီ (ရဒွိယလ်လာဟုအန်ဟု သခင်ရဲ့ ရိဝါယသ်ဟာ အထောက်အထား ပိုပြီးမှန်ကန်ခိုင်မှာလို့ အဲဒီအတိုင်းပဲ အရဖှာနေ့
ဖဂျရ်နမားဇ်အပြီးကစပြီး အိုက်ယာမုသပ်ယှရီးက် နောက်ဆုံးရက်ရဲ့ အဆရ်နမားဇ်အပြီးထိ၊ အဲဒီသပ်က်ဗီးရ်တစ်ကြိမ်ဆိုဖို့
ဟန္နဖီမပ်ဇ်ဝင်များအဖို့ ဝါဂျစ်ဗ်တာဝန်ထိုက်တယ်။ ဟဇရတ် အဗ်ဒွလ္လာဟ်အိဗနုမတ်စ်အူးဒ်(ရဒွိယလ်လာဟုအန်ဟု)ရိဝါယသ်မှာ
နောက်နေ့တွေမှာ ဆက်မဖတ်ရဘူးလို့ တားမထားလို့ အဲဒီဟဒီးစ်နှစ်ခုဟာ ထိပ်တိုက်တွေ့ရာ မရောက်ပါဘူး။

သူတော်စဉ်များခင်ဗျား-
ရမဇာန်လရဲ့ နောက်ဆုံးခွသ်ဗါမှာ ရမဇာန်နောက်ဆုံး ၁၀ ရက်ရောက်လျှင် အိတိကားဖ်ထိုင်ပြီး တရားကျင့်ဖို့နှင့် အီဒွလ်ဖိတိရ်နေ့မှာ အီးဒ်နမားဇ်နှင့် ခွသ်တဗါကို လက်မလွှတ်ဖို့ အသိပေးခဲ့ပြီးပါပြီ။ အရေးကြီးအရာရောက်လွန်းလှတဲ့
အီးဒ်ညတွေနှင့်ပတ်သက်လို့ ဒီနေ့ခွသ်တဗါမှာ ထပ်လောင်းပြီး တင်ပြပါရစေ။

* အီးဒ်ညမှာ အထူးဂရုစိုက်ပြီး တရားအားထုပ်စေလိုပါတယ်။

* အီးဒ်ညမှာ တရားအားထုတ်တဲ့ သူရဲ့စိတ်နှလုံးဟာ ကိယာမသ်နေ့မှာ ပျော်မြူးကြည်နူးနေပါလိမ့်မည်။

* အီးဒ်နေ့မှာ နမားဇ်နှစ်ရကတ် ဖတ်ရတာ ဝါဂျစ်ဗ်တာဝန်ဖြစ်ပါတယ်။

* အီးဒ်နမားဇ်ပြီးလျှင် ခွသ်တဗါကို နားထောင်ရတာကလည်း ဝါဂျစ်ဗ်တာဝန်ဖြစ်ပါပဲ။

* ခွသ်တဗါဖတ်နေတဲ့အချိန်မှာ ထိုင်ရကမထပဲ ထိုင်မြဲထိုင်နေပြီး တိတ်တိတ်ဆိတ်ဆိတ် နားထောင်နေရပါတယ်။

သူတော်စဉ်များခင်ဗျား-
ညဆယ်ည ၊ အရဖှာနေ့၊ ကုရ်ဗာနီနေ့နှင့် ပတ်သက်ပြီး" ငါအရှင်မြတ်က နံနက်မိုးသောက်ချိန်ကို သက်သေထူတော်မူတယ်၊
အဲဒီအပြင်ငါအရှင်မြတ်က ညဆယ်ညကို သက်သေထူတော်မူတယ်၊ အဲဒီအပြင်ငါအရှင်မြတ်ကစုံကျတဲ့နေ့ကို၊ မကျတဲ့နေ့ကို သက်သေထူတော်မူတယ်..."လို့ စူရာ ဖဂျရ်မှာလာရှိပါတယ်။
* ညဆယ်ညဆိုတာ ဇါလ်ဟဂ်ျလ ပထမဆယ်ရက်ညကို ရည်ညွှန်းတော်မူတာဖြစ်တယ်။
စုံကျတဲ့နေ့ဆိုတာ ဇွလ်ဟဂ်ျလ ၁၀ ရက်၊ ကုရ်ဗာနီနေ့ကို ရည်ညွှန်းတော်မူတာဖြစ်တယ်။
မ,ကျတဲ့နေ့ဆိုတာ ဇွလ်ဟဂ်ျလ ၉ ရက်၊ အရဖှာနေ့ကို ရည်ညွှန်းတော်မူတာဖြစ်တယ်"လို့ တမန်တော်မြတ်(ဆွ)က
ရှင်းပြတော်မူထားပါတယ်။ အဲဒီလောက်တောင် ထူးမြတ်လှတဲ့နေ့ညတွေမှာ တရားအားထုတ်နိုင်ကြပါစေလို့ ဆုဒုအာပြုပို့ရင်း
ဒီနေ့ခွသ်တဗါကို နိဂုံးချုပ်လိုက်ပါတယ်။ ( အာမီးန် )

မှတ်ချက်....ခွသ်တဗါသွလ်အဟ်ကားမ်ကျမ်း၊
ဟကီမွလ် အွမ္မသ် ဟဇရသ် မော်လာနာ အရှ်ရဖ် အလီထာနဝီ...


ကုရ်အာန်...89@1- (ငါအရှင်မြတ်သည်) နံနက်မိုးသောက်ချိန်ကိုသက်သေထူတော်မူ၏။

ကုရ်အာန်...89@2-၎င်းပြင် (ငါအရှင်မြတ်သည်) ဆယ်ခုသောညကို သက်သေထူတော်မူ၏။

ကုရ်အာန်...89@3-ထို့ပြင် (ငါအရှင်မြတ်သည်) စုံ(ဖြစ်သောအရာ)ကိုလည်းကောင်း၊ မ(ဖြစ်သောအရာ)ကိုလည်း ကောင်း၊သက်သေထူတော်မူ၏။

ကုရ်အာန်...89@4- ထိုမှတစ်ပါး (ငါအရှင်မြတ်သည်) ညကို သက်သေထူတော်မူ၏။ အကြင်အခါဝယ် ထိုညသည် သွားလေ၏။

If you like this please Link Back to this article...

No comments:

Post a Comment

မှတ်ချက်များတွက် ကျေးဇူးတင်တယ်။

Related Posts Plugin for WordPress, Blogger...