Wednesday, November 16, 2011

ခွသ်တဗါ (၂) အကီဒဟ် ခံယူချက်

ခွသ်တဗါ (၂) အကီဒဟ် ခံယူချက်

မွတ်စ်လင်မ်သူတော်စင်များခင်ဗျား

စွန္နသ်လမ်းစဉ်ပေါ်မှာ ရှိနေတဲ့ ဂျမာအသ်ဝင်တိုင်းဟာ အစ္စလာမ်သာသနာတော်ရဲ့
အခြေခံအကျဆုံးဖြစ်တဲ့ ကလေမဟ်ယှဟာဒသ်ကို ယုံကြည်လက်ခံကြပါတယ်။
ကလိမဟ်ယှဟာဒသ်ဟာ အဓိကအချက်နှစ်ချက်ကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။
ပထမအချက်ကတော့ အလ္လာဟ်အရှင်မြတ်တစ်ဆူထဲ တစ်ပါးထဲရှိတော်မူတယ် ဆိုတာကို မမှိတ်မသုံ ယုံကြည်လက်ခံရတာပါ။ အလ္လာဟ်အရှင်မြတ်ရဲ့ ဂုဏ်တော်ကို ဖွင့်ဆိုတားတဲ့ အမည် နာမတော်များကိုလဲ စောဒကမထားဘဲလက်ခံယုံကြည့်ရမည် ။ အဲဒီအရှင်ဟာ စကြဝဠာထဲမှာရှိနေတဲ့ ကမ္ဘာလောကအားလုံးကိုလဲ ဖန်ဆင်းတော်မူတဲ့ အရှင်၊ ရှေးကထဲက တစ်ပါးထဲရှိတော်မူခဲ့တဲအရှင်၊ အမြဲအစဉ်ရှင်သန်နေတော်မူတဲ့ အရှင်၊ အလျားအနံမရှိတဲ့ တန်ခိုးတော်ရှင်၊ အရာရာကို အကြွင်းမဲ့သိတော်မူတဲ့ အရှင်၊ မြင်တော်မူတဲ့ အရှင်ဖြစ်တယ်လို့ ဒွိဟသံသယမရှိ ယုံကြည်ရပါမည်။ လူသားတွေလုပ်ဆောင်ကြတဲ့ ကောင်းမှုအပေါင်းကို သိတော်မူပြီးအဲဒီကောင်းမှု များ အတွက် အကျိုးစပါးဗ်များ ချီးမြှင့်တော်မူတဲ့ အရှင်၊ မိမိအလိုတော်အတိုင်း လုပ်ဆောင်တော်မူတဲ့ အရှင်၊ ကမ္ဘာလောကကြီးမှာ ဖြစ်တယ်လို့လဲ တထစ်ချမှတ်ယူထားရပါမယ်။ အဲဒီအရှင်မြတ်နှင့် ဂုဏ်ရည်တူရယ်လို့ လုံးလုံးမရှိဘူး။ အဲဒီအရှင် မသိတော်မူတာလည်း အလှဉ်းမရှိဘူး။ အဲဒီ အရှင်မလုပ်ဆောင်နိုင်တော်မူတာ အလျဉ်းမရှိဘူးလို့လည်း စွဲစွဲမြဲမြဲမှတ်ယူထားရမည်။ အဲဒီ အရှင်မြတ်နှင့် ဂုဏ်ရည်တူရယ်လို့ လုံးလုံးမရှိဘူး။ အဲဒီအရှင် မသိတော်မူတာလည်း အလျဉ်းမရှိဘူး။ အဲဒီအရှင်မလုပ်ဆောင်နိုင်တော်မူတာလည်း အလျဉ်းမရှိဘူးလို့လည်းမှတ်ယူထားရမယ်။ အဲဒီ အရှင်မြတ်ဟာ သက်ရှိသက်မဲ့တွေအားလုံးကို ဖန်ဆင်းတော်မူတဲ့အရှင်၊ စားနပ်ရိက္ခာ ပေးသနားတော်မူတဲ့ အရှင်၊ သက်ရှိသတ္တဝါတွေကို ရှင်စေ၊ သေဆုံးစေတော်မူတဲ့ အရှင်၊ ဂုဏ်တော်ပေါင်းစုံလွှမ်းခြုံထားတော်မူတဲ့အရှင်၊ တန်ခိုး အမျိုးမျိုးကို လိုအပ်သလိုအသုံးချနိုင်တော်မူတဲ့ အရှင်၊ တစ်မူထူးတဲ့အမြင်အသိ အပြည့်အဝရှိတဲ့ အရှင်လို့လည်း ယုံကြည်ကြရပါမည်။ စာပေကျမ်းဂန်တွေထဲမှာ ရေးသားပြဆိုထားတဲ့အတိုင်း အလ္လာဟ်အရှင်မြတ်အပေါ် ယုံပုံအားထားရဖို့ကတော့ ကျွန်တော်တို့ရဲ့ လက်ငင်းတာဝန်ပါ။

ဒုတိယ အချက်ကတော့ မုဟမ္မဒ် (ဆွ) ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ဗန္ဓဟ်သာမက နဗီရစူလ်တမန်တော်လည်း ဖြစ်တဲ့အကြေင်းလက်ခံရမှာပါ။ ကိုယ်တော်မြတ်ဟာ အစဉ်အမြဲ မှန်ကန်စွာပြောဆိုတော်မူတဲ့ သစ္စာတော်ရှင်ဖြစ်တော်မူတယ်။ ကိုယ်တော် ဟောပြောသင်ပြပေးတဲ့ တရားစကားတွေဟာ မှန်ကန်တဲ့ အမိန့်တော်တွေ ပညတ်တော်တွေဖြစ်တယ်။ ကုရ်အာန်ကျမ်းတော်မြတ်ဟာ အလ္လာဟ် အရှင်မြတ်ရဲ့ နှုတ်တော်ချွေစကားတွေဖြစ်တယ်။ ဒီအရင်ကလည်း အလ္လာဟ်အရှင်မြတ်ရဲ့ နှုတ်တော်ချွေစကားတွေ (ကျမ်းကြီး၊ ကျမ်းငယ်တွေ) ရှိခဲ့ဘူးတယ်။ နဗီတမန်တော်တွေကိုလဲ စေလွှတ်တော်မူခဲ့တယ်။ ကောင်းကင်စံတမန်တော်တွေကိုလဲ ဖန်ဆင်းတော်မူထားတယ်လို့လည်း လုံးဝဥဿုံ ယုံကြည်မှတ်သားထားရမည်။ ကုရ်အာန်ကျမ်းတော်မြတ်အလျှင် ကျရောက်ခဲ့တဲ့ ကျမ်းဂန်တွေကို ယဟူဒီ၊ နဆွာရာနီတို့က အပြောင်းအလွဲ၊ ဗလောင်းဗလဲ လုပ်လိုက်ကြလို့ အဲဒီကျမ်းဂန်တွေမှာပါတဲ့ အမိန့်ပညတ်ချက်တော်တွေအပေါ် လိုက်နာဖို့မလိုတော့ဘူးလို့တားမြစ်ထားပါတယ်။ နှစ်ပေါင်း 1400 ကျော်ကြာခဲ့ပေမဲ့ တစ်လုံးတစ်ပိုဒ်မှ မပြောင်းလဲဘဲ ကနေ့အထိ ပကတိအတိုင်းရှိနေပြီး နောင်ကိယာမသ်နေ့အထိ အပြောင်းအလဲမရှိဘဲတည်နေမဲ့ ကုရ်အာန်ကျမ်းတော်မြတ်မှာ လာရှိတဲ့ အဆိုအမိန့်အတိုင်း ယနေ့လဲ လိုက်နာကျင့်မူရမည့်တာဝန် ရှိနေပါတယ်။ နောင်ကိယာမသ်နေ့အထိ အဲဒီအဆိုအမိန့်အတိုင်းဘဲနေထိုင်ကြရမယ့် တာဝန်ရှိနေပါမည်။ နဗီတမန်တော်မြတ် စိုင်ယိဒိနာ မုဟမ္မဒ်မွတ်စ်တဖွာ (ဆွ) ရဲ့ မေ့ရားဂ်ျခရီးစဉ်ဟာ မှန်ကန်တယ်။ ဝလီသူတော်စင်တွေရဲ့ ကရာမသ် ထူးခြားမှုဆောင်ထားတဲ့ လုပ်ရပ်ဖြစ်စဉ်တွေလဲ မှန်တယ်။ ဆွဟာဗဟ်များဟာ သစ္စာ၊ သမာဓီရှင်များဖြစ်တယ်။ ခလီဖွာကြီးလေးပါးဖြစ်တဲ့ ဟဇရတ်အဗူဗကရ် (ရ) ၊ ဟဇရတ်အွမ္မရ (ရ) ၊ ဟဇရတ်အွတ်စ်မာန် (ရ) နှင့် ဟဇရတ်အလီ (ရ) တို့ဟာ လူသားတေါထဲမှာ ဂုဏ်အင်ဒြပ်အထပ်ထပ်နဲ့ ပြည့်ဖြိုးတဲ့ အဓိပတိ ဆွဟာဗဟ်ကြီးများဖြစ်တယ်ဆိုတာကိုတော့ ချွင်းချက်မဲ့ခံယူထားရမည်။

မွတ်စ်လင်းမ်အပေါင်းတို့ခင်ဗျား

ကျွန်တော်အစီရင်ခံခဲ့တဲ့ ယုံကြည်လက်ခံရမည့် မှန်ကန်တဲ့ တရားစကားတွေ အပြင်၊ နောက်လဲ ယုံကြည်လက်ခံရမဲ့ တရားစကားအမှန်အကန် တွေရှိနေပါသေးတယ်။ သေဆုံးလို့ သင်္ချိုင်းထဲက တစ်နေ့ ဧကန်အမှန် ပြန်ပြီးရှင်ထာရမည်ဆိုတာမှန်တယ်။ လုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတေါ၊ အကုသိုလ်မကောင်းမှုတွေနှင့် ပတ်သက်ပြီးကိယာမတ်နေ့မှာ စစ်မေးမည်ဆိုတာမှန်တယ်။ ကောင်ဝ်စရ်ရေကန်တော်ကရေကို သူတော်ကောင်းတွေသာ သောက်သုံးရမည်ဆိုတာ မှန်တယ်။ ဂျဟန္နမ် အပေါ်က ဆံပင်ထက်ပါးပြီး သင်ဓုန်းဒါးသွားတဲ့ ထက်တဲ့ စိရာတ်တံတားကို ဖြတ်လျှောက်ရမည်ဆိုတမှန်တယ်။ ပါပညစ်ကျု မကောင်းမှု ကျူးလွန်ခဲ့တဲ့သူတွေ အဲဒီစိရာတ်တံတားပေါ်ကဖြတ်ကျော်ရတဲ့အခါ ပြတ်ပြီးငရဲဘုံထဲကို ကျကြမည်၊ သူတော်ကေင်းတွေသာ အဲဒီ စိရာတ် တံတးပေါ်က ဖြတ်သန်းပြီး ဂျန္နတ်သုခဘုံကို ရောက်သွားကြည်ဆိုတာမှန်တယ်လို့ ယုံကြည်ရပါမည်။
ဒါတွေမကသေးပါဘူး။ တမန်တော်မြတ် စိုင်ယ်ယိဒိနာ မုဟမ္မဒ်မွတ်စ်တဖှာ (ဆွ)ကိုယ်တော်တိုင် ရှဖွာအသ်ကြားဝင် အသနားခံပန်ကြားပေးတော်မူမည်။ ဂျန္နသ်သူခဘုံ၊ ဂျဟန္နမ် အပါယ်ငရဲဘုံဆိုတာ အစဉ်အမြဲ ရှိနေပြီး၊ အဲဒီဘုံတွေကို ရောက်သွားကြတဲ့ သူတွေဟာ ကွယ်လွန်ရတယ်၊ သေဆုံးရတယ်လို့ မရှိတော့ဘဲ အစဉ်အမြဲ စခန်းချနေထိုင်ကြရမည်ဆိုတာကိုလဲ ယုံကြည်လက်ခံရပါတယ်။

သူတော်စင်များခင်ဗျား

အို အီမန်သက်ဝင်ယုံကြည်သူအပေါင်းတို့...သင်တို့အလ္လာဟ်အရှင်မြတ်ကို နဗီတမန်တော်မြတ်(ဆွ)ကို
အလ္လာဟ်အရှင်မြတ်ချပေးတော်မူတဲ့ ကုရ်အာန်ကျမ်းတော်မြတ်ကို အရင့်အရင်က ချပေးတော်မူခဲ့တဲ့ကျမ်းတွေကို သက်ဝင်ယုံကြည်ကြ။ အလ္လာဟ်အရှင်မြတ်ကို အဲဒီအရှင်မြတ်ရဲ့ စေတမန်တော်တွေကို အဲဒီအရှင်မြတ်ရဲ့ ကောင်းကင်တမန်တော်တွေကို အဲဒီအရှင်မြတ်ထုတ်ပြန်ထားတဲ့ကျမ်းတော်တွေကို၊ ကိယာမသ်နေ့ကို မယုံကြည်ဘဲ ငြင်းဆန်လက်မခံတဲ့သူဟာ တရားလမ်းတော်နဲ့တော့်ကိုဘဲ ဝေးသွားပြီလို့ ကုရ်အာန်ကျမ်းတော်မြတ်မှာ သတိပေးတော်မူထားပါတယ်။ အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ကို အစ္စလာမ်သာသနာတော်ပေါ်မှာ ကြံ့ကြံ့ခိုင်ခိုင်ထားတော်မူဘို့၊ အီမန်နဲ့တကွသေဆုံးခွင့်ရဘို့၊
ကဗရ်ရဲ့ အဇားဗ် ပြစ်ဒဏ်တိုင်းက ထိန်းသိမ်းပေးတော်မူဘို့နဲ့ ဂျန္နသ်ရွှေပြည်မြတ်ပေးအပ်တော်မူဘို့
ဒုအာပြုရင်း ဒီကနေ့ ခွသ်တဗါကို နိဂုံးချုပ်လိုက်ပါတယ်။


မှတ်ချက်....ခွသ်တဗါသွလ်အဟ်ကားမ်ကျမ်း၊

ဟကီမွလ် အွမ္မသ် ဟဇရသ် မော်လာနာ အရှ်ရဖ် အလီထာနဝီ...
ကူညီရေးသားပေးသူ.....သားကြီး

If you like this please Link Back to this article...

No comments:

Post a Comment

မှတ်ချက်များတွက် ကျေးဇူးတင်တယ်။

Related Posts Plugin for WordPress, Blogger...