Showing posts with label ရိုဇာဥပုဒ်စောင့်ထိန်းခြင်း၏ အနှစ်သာရ. Show all posts
Showing posts with label ရိုဇာဥပုဒ်စောင့်ထိန်းခြင်း၏ အနှစ်သာရ. Show all posts

Thursday, July 19, 2012

ရိုဇာဥပုဒ်စောင့်ထိန်းခြင်း၏ အနှစ်သာရ

بسم الله الرحمن الرحيم
သာသနာ့ပညာအား လေ့လာလိုက်စားသူများနှင့် သာမန်လူတန်းစာပါမကျန် မြင့်မြတ်တော်မူသော အရှင်မြတ်၏ ဆိဖားသ် (ဝိသေသနတော်များ)နှင့် ရင်းနှီးပြီးဖြစ်ပေမည်။ ထိုဝိသေသနများတွင် الحكيم ခေါ် သဗ္ဗေညုတဥာဏ်နှင့်ပြည့်စုံတော်မူသော အရှင်(ဥာဏ်အမြော်မြင်အပေါင်းနှင့်ပြည့်စုံတော်မူသောအရှင်)ဟူသော ဝိသေသနသည်လည်း အပါအဝင်ဖြစ်၏။ လောကတွင် ရှိကြကုန်သော သာမာန်အသိဥာဏ်ပိုင်ရှင်များပင်လျှင် အလုပ်တစ်ခုလုပ်လျှင် ရည်ရွယ်ချက်မဲ့၊ ကျိုးကြောင်းကင်းမဲ့စွာ ပြုလုပ်လေ့မရှိ။ ကိစ္စတိုင်းတွင် Targets များစွာဖြင့် စီမံကိန်းချကာ ဆောင်ရွက်လေ့ရှိကြသည်။ လောကီ လူသားတို့၏ လုပ်ရပ်များအား တခဏတာ စဉ်းစားခြင်းဖြင့် သိရှိလိုက်ရသည်မှာ- လူသားတွင် ဤမျှသော ဥာဏ်အမြော်မြင်ရှိနေလျှင် အရာခပ်သိမ်းအား ဖန်ဆင်းမွေးမြူတော်မူသော အလ်ဟကီးမ် ဘွဲ့ထူးပိုင်ရှင် အရှင်မြတ်တွင် အဘယ်မျှရှိမည်ကို သိရှိနိုင်ကြပေသည်။ الله أكبر ထို့ကြောင့် ကျွန်တော်အနေနှင့် ရိုဇာစောင့်ထိန်းစေခြင်း၏ ဟိက်မသ်တော်များအား လက်လှမ်းမှီသလောက် စုစည်းတင်ပြလိုက်ပါသည်။ ထိုဟိက်မသ်တော်များအား သိရှိနားလည်သွားပါက
  • ၁။ ဖန်ဆင်းရှင်၏ ကြီးကျယ်မှု့၊
  • ၂။ ထိုအရှင်၏ သနားဂရုဏာ၊
  • ၃။ အမိန့်တော်များ၏ အခြေခံ၊
  • ၄။ အစ္စလာမ်၏ စစ်မှန်မှု့၊
  • ၅။ ရိုဇာ၏အရသာ၊
  • ၆။ အစ္စလာမ့်အမိန့်တော်များအား ဘာသာခြားများကို ရှင်းပြနိုင်ခြင်း စသည်ဖြင့် အကျိုးထူးများကို ရရှိနိုင်ပေမည်။
အထူးသတိပေးလိုသည်မှာ- ကျွန်တော်၏ တင်ပြမှု့သည် ရိုဇာ၏ဟိက်မသ်တော်များအား ကန့်သတ်ခြင်းမဟုတ်ပဲ၊ များစွာသောအရာများမှ ကောက်နှုတ်တင်ပြခြင်းသာ ဖြစ်ပါသည်။
ဦးစွာပထမ ရိုဇာ၏ဟိက်မသ်တော်များအား မတင်ပြမှီ ဟိက်မသ် ဟူသော် စကားလုံး၏ အဓိပ္ပါယ်ကို တင်ပြပေးလိုက်ပါသည်။ ဟိက်မသ်ဟူသည်မှာ- အရာတစ်ခု၏ အကောင်းဆုံးအား အမြင့်ဆုံးသော အသိပညာဖြင့် သိရှိခြင်းဖြစ်ပြီး၊ ဟိက်မသ်ဖြင့် ကိစ္စတစ်ခုအား ပြုလုပ်ခြင်းဆိုသည်မှာ- ထိုကိစ္စအား ပီပီပြင်ပြင် တိတိကျကျ နေရာမှန် အချိန်မှန် ပုံစံမှန်ဖြင့် ပြုလုပ်ခြင်းအား ခေါ်ဆိုပေသည်။ အဓိပ္ပါယ်အား ကောင်းစွာမှတ်သားပါလေ။

သို့ဆိုလျှင် ရိုဇာစောင့်ထိန်းစေခြင်းတွင်လည်း ဟိက်မသ်များစွာ ရှိနေမည်ဖြစ်ရာ ထိုဟိက်မသ်များအနက် အချို့အား တင်ဆက်လိုက်ပါသည်။ ဤဟိက်မသ်များအား ကောင်းစွာ ဖတ်ရှု့လေ့လာထားပြီး တခြားသူအား ပြန်လည်ပြောပြကာ ရိုဇာ၏အနှစ်သာရအား အပြည့်အဝ ရယူနီုင်ကြပါစေ။
၁။ စားခြင်း၊သောက်ခြင်း၊မေထုံမှီဝဲခြင်း စသည့်အရာတို့သည် လူသား၏ ပင်ကိုယ်ဗီဇတွင် ပါလာသောအချက်များဖြစ်သည်။ ထိုအရာတို့အား စွန့်လွှတ်၍ အရှင်မြတ်၏ ကြေနပ်နှစ်သက်မှု့အား ရယူခြင်းသည် အရှင်မြတ်အား အရာရာထက်ဦးစားပေးသည်ဟု အဓိပ္ပါယ်သက်ရောက်ပြီး ကျွန်တော်တို့အား လောကီစည်းစိမ်ထက် ဂျန္နသ်စည်းစိမ်များအား မက်မောလာစေရန် သင်ကြားပေးလိုက်ခြင်းဖြစ်သည်။ ထို့အပြင် အရှင်မြတ်၏ နှစ်သက်မှု့ကို ရှာဖွေရာတွင် အရာရာအားစွန့်လွှတ်နိုင်စေရန် လေ့ကျင့်ပေးခြင်းလည်းဖြစ်သွား၏။
၂။ ရိုဇာစောင့်ထိန်းခြင်းသည် သက်ဝါတရား၏ အကြောင်းခံလည်းဖြစ်သည်။ ထိုအချက်အား ကျမ်းမြတ်ကုရ်အာန်တွင် ပွင့်လင်းစွာ ဖော်ပြထားပေသည်။ အာယသ်တော်မှာ- စူရဟ်ဗကရဟ် အာယသ်တော်အမှတ်စဉ် ၁၈၃ ပင်ဖြစ်၏။ အဓိပ္ပါယ်မှာမူ- အို-မုအ်မင်န် ယုံကြည်ခြင်းသဒ္ဒါတရား ရှိကြကုန်သောသူအပေါင်းတို့၊ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ထက်အလျင်ရှိခဲ့ကြသော သူတို့အပေါ်ဝယ် ဥပုသ် သီတင်းဆောက်တည်ရန် ပညတ်တော်ကို ပြဋ္ဌာန်းတော်မူ သကဲ့သို့ပင် အသင်တို့အပေါ်၌လည်း ဥပုသ်သီတင်းဆောက် တည်ရန် အမိန့်တော်ကို ပြဋ္ဌာန်းအတည်ပြုတော်မူခဲ့လေပြီ။ သို့ (ဥပုသ်သီတင်း ဆောက်တည်) မှသာလျှင် အသင်တို့သည် ပြစ်မှု ဒုစရိုက်တို့မှ ကြဉ်ရှောင်သူများ ဖြစ်တန်ကြရာ၏။
လူသားများအား သက်ဝါရရှိစေရန်အလို့ငှာ အရှင်မြတ်ဖက်တော်မှ ရိုဇာဥပုဒ်စောင့်ထိန်းစေခြင်းဖြစ်၏။ လူသားတိုင်း ခုံမင်နှစ်သစ်ရာများဖြစ်သော စားခြင်း၊သောက်ခြင်းနှင့်မေထံမှီဝဲခြင်းအား စွန့်လွှတ်စေခြင်းမှာ ဒုက္ခပေးခြင်းလုံးဝ မဟုတ်တော့ပဲ အခြားတားမြစ်တားသောအရာများအား လွယ်ကူစွာ ရှောင်ရှားစေနိုင်ရန်အတွက်ပင်ဖြစ်တော့ပေသည်။
၃။ ငွေကြေးပြည့်စုံသော လူချမ်းသာများမှာ အရှင်မြတ်၏ ပေးကမ်းမှု့ကြောင့် အဖက်ဖက်မှ စည်းစိမ်များဝိုင်းရံနေပြီး၊ နှစ်လိုဖွယ်အရာများအား အချိန်မရွေး စားသောက်နိုင်ကြသည်။ များစွာသော စည်းစိမ်ရှင်တို့သည် စည်းစိမ်ရစ်မူးနေပြီး အရာရာအား သတိလက်လွတ်ပြုမိကာ ၎င်းတို့တွင် ကိုယ်ချင်းစာစိတ်များ ပျောက်ကွယ်နေတတ်ကြသည်။ ရိုဇာစောင့်ထိန်းဖြင့် ငတ်မွတ်မှု့၏ ဒုက္ခအား ခံစားသိမြင်လာကာ မိမိ၏ဆင်းရဲနွမ်းပါးသော ညီနောင်တို့အား ကူညီချင်စိတ်၊ လှူဒါန်းလိုစိတ်များ ပေါက်ဖွားလာပေသည်။ တစ်ကိုယ်ကောင်းဆန် ကောင်းစားမှု့အား စွန့်လွှတ်လိုစိတ်များ ဖြစ်လာရသည်။
၎။ လူသားသည် များသောအားဖြင့် စိတ်အလိုလိုက်မှု့၏ ကျေးကျွန်ဖြစ်နေတတ်၏။ ကိစ္စအတော်များများတွင် စိတ်လိုက်မာန်ပါ ပြုလုပ်မိကာ အမှားများစွာအား ကျူးလွန်လေ့ရှိကြ၏။ မိမိစိတ်အား မထိန်းသိမ်းနိုင် မထိန်းသိမ်းတတ်ဖြစ်တတ်ကြသည်။ ရိုဇာစောင့်ထိန်းခြင်းဖြင့် မိမိစိတ်အား ထိန်းချုပ်လာနိုင်မည်ဖြစ်ပြီး၊ ကျင့်သားလည်း ရလာမည်ဖြစ်သည်။
၅။ ကိုယ်ခန္ဓာတွင် အစာနည်းခြင်းဖြင့် ကောင်းမှု့များစွာ ပြုလုပ်လိုစိတ်ပေါ်လာသည်။ တတ်ကြွမှု့များကိုဖြစ်စေသည်။ အစားအသောက်များစွာ စားသုံးခြင်းဖြင့် ပျင်းရိရောဂါစွဲကပ်လာတတ်၏။ ထို့ကြောင့် ရိုဇာစောင့်ထိန်းမှု့ဖြင့် လူသားတွင် ကောင်းမှု့ပြုလိုစိတ်များဖြစ်ပေါ်လာပြီး၊ ပျင်းရိခြင်းမှ ရှောင်ရှားရန် အခွင့်အရေးတစ်ခု ရရှိစေခြင်းဖြစ်သည်။
၆။ ရှိုင်သွာန်၏ လှည့်စားမှု့မှာ လူသားတိုင်း လောကီဘဝတွင် စားကောင်းသောက်ဖွယ်များနှင့် အပျော်အပါးတို့တွင် နစ်မွန်းနေစေကာ ကောင်းမှု့ဟူသရွေ့တို့မှ ဝေးကွာစေခြင်းဖြစ်သည်။ ရိုဇာထားခြင်းဖြင့် လူသားတို့၏ ရန်သူ ရှိုင်သွာန်မိစ္ဆာကောင်အား ထိုးစစ်ဆင် အနိုင်ရယူနိုင်ပေသည်။
၇။ လူသား၏ ကောင်းမှု့ပြုကျင့်မှု့များတွင် အခြားသူများ မြင်တွေ့နိုင်စွမ်းရှိသည်။ ထို့ကြောင့် ကျော်ကြားလိုစိတ်များ၊ တဖက်လူအား အထင်ကြီးစေလိုမှု့များ၊ ဂုဏ်ပေးခံလိုချင်စိတ်များ စသည့် မကောင်းသော အတွေးအခေါ်များ ဝင်ရောက်လာတတ်ကာ အစ်ခ်လာစ်နှင့် ဝေးကွာသွားရတတ်၏။ ရိုဇာစောင့်ထိန်းမှု့တွင်မူ အရှင်မြတ်တပါးတည်းသာ တွေ့မြင်နိုင်ပြီး အစ်ခ်လာစ်အပြည့်အဝ ရယူနိုင်ပေသည်။ ထို့အတူ အစ်ခ်လာစ်ဖြင့် ကောင်းမှု့ပြုရာတွင် အလွယ်ကူဆုံး နည်းစနစ်အား ပြသထားပေးခြင်းဖြစ်သည်။ ရိုဇာကို အကြောင်းခံ၍ အခြားကောင်းမှု့များတွင် အစ်ခ်လာစ်ဖြင့် ပြုလုပ်လိုစိတ်များ ဖြစ်ပေါ်လာနိုင်ပေသည်။
၈။ ရိုဇာစောင့်ထိန်းခြင်းဖြင့် အစာကြေချက်မှု့ အားကောင်းလာပြီး ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုသည်ဟု သုတေသီများ ရေးသားဖော်ပြထားကြသည်။ ရိုဇာသည် လောကီလောကုတ္တရာ နှစ်ဌာနလုံးအတွက် အကျိုးဖြစ်ထွန်းနေသည်ပင်။

ဤအချက်များအပြင် များစွာသော ဟိက်မသ်တော်များ ရှိနေပေသေးသည်။ သေးငယ်သော ကျွန်တော်တို့ ဦးဏှောက်ဖြင့် ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်၏ အမိန့်တစ်ခုအား ပြီးပြည့်စုံစွာ နားလည်သဘောပေါက်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။ သို့သော် သေးငယ်သောဦးဏှောက်ဖြင့် ဤမျှ သိမြင်ရလျှင် အရှင်၏ဂရုဏာတော်၊ အရှင်၏ကြီးကျယ်မှု့၊ ရိုဇာ၏တန်ဘိုး၊ အနှစ်သာရအား မှန်းဆနိုင်ပေသည်။
ရိုဇာအား တန်ဖိုးထားကာ ရိုဇာစောင့်ထိန်းစေရခြင်း၏ ရည်ရွယ်ချက်များအား အကောင်ထည်ဖော်နိုင်ကြပါစေဟု ဆုတောင်းရင်းးးးးးးးးးးးး
وما توفيقي إلا بالله العظيم

ဘရှီးလေး
မေမြို့


http://www.mmolama.org/

If you like this please Link Back to this article...


ဆက်ဖတ်ရန်>>>
Related Posts Plugin for WordPress, Blogger...