Thursday, February 17, 2011

အကြမ်းဖက် သမားများလော.... ( သို့ ) သစ္စာဝါဒီ ငြိမ်းချမ်းရေး သမားများလော...

အကြမ်းဖက် သမားများလော.... ( သို့ ) သစ္စာဝါဒီ ငြိမ်းချမ်းရေး သမားများလော... 

ယဇ်ပူဇော် ပသခြင်းလော…. ( သို့ ) တိရစ္ဆာန်များအား မတရားညှဉ်းပန်း သတ်ဖြတ်နေခြင်းလော……


ဟုတ်ကဲ့……… ကြိုဆိုပါတယ် ခင်ဗျား။ ကျွန်တော် စိုင်းမျိုးပါ။ အခုလို မေးသင့် မေးထိုက်တဲ့ အကြောင်းအရာ တစ်ခုကို နားမလည်လို့ တကယ်သိချင်ဇောနဲ့ မေးမြန်းလာတဲ့ မအိမ်ခြူးစံ ကိုဝမ်းမြောက်
ဝမ်းသာစွာနဲ့ ကြိုဆိုပါတယ်။

အရင်ဦးဆုံး ဗုဒ္ဓဘာသာတရားကို လေ့လာကြည့်မယ်ဆိုရင်…….. ဗုဒ္ဓမြတ်စွာဘုရားသည် ယုန်သူတော်ဘ၀တွင်မိမိထံ လှူဒါန်းရန် ပစ္စည်းတစုံတရာမရှိခဲ့ပေ။သို့ပါသောကြောင့်တစ်နေ့မှာမိမိထံသို့အလှူခံပုဂ္ဂိုလ်တစ်ဦးဦးကအလှူလာခံခဲ့သည်ရှိသော် မိမိခန္ဓာအား စွန့်လှူမည်ဟု စိတ်ဝယ်ပိုက်ခဲ့လေသည်။ဗုဒ္ဓ ဤသဒ္ဓါတရားကြည်ဖြူစိတ်ကြီးမားမှုကြောင့်တာဝတိံသာနတ်ပြည်ရှိ သိကြားမင်း စံမြန်းနေသော ကျောက်ဖျာသည် တုန်လှုပ်လာလေသည်။ သိကြားမင်းလည်း ဗုဒ္ဓ၏သဒ္ဓါတရား
စိတ်ထက်သန်မှုကို စမ်းသပ်ရန်အလို့ငှာလူယောင်ဆောင်လျက်ဗုဒ္ဓထံတော်ပါးမှအလှူခံလေ၏။ထိုအခါဗုဒ္ဓသည်လည်းမီးမွှေးစေ၍ရေနွေးအိုးတည်စေပြီးလျှင် မိမိ၏ ခန္ဓာတော်အား လှူဒါန်းလေ၏။ရေနွေးအိုးထဲသို့ မခုန်ချခင် အလျင်
မိမိ၏ ခန္ဓာကိုယ် အမွေးအမျှင်များကြားရှိ ပိုးကောင်များ မိမိနှင့်အတူ ရေနွေးအိုးထဲသို့ ကပ်မပါလာစေရန် ခန္ဓာတော်အား
အသေအချာ လှုပ်ခါခဲ့လေသည်။ဤသည်ကား ဗုဒ္ဓမြတ်စွာဘုရား၏ ယုန်သူတော်ဘဝ
အလှူအဒါန်း တစ်ခုပေတည်း။

အခုဒီဘက်ကို ပြန်လှည့်ကြည့်ကြရအောင်…………

တမန်တော် မုဟမ္မဒ် ( အလ္လာဟ်အရှင်မြတ် ဘက်တော်မှ ငြိမ်းချမ်းသာယာမှု အပေါင်းသည် ထိုတမန်တော်မြတ်ကြီး အပေါ်သို့ကျရောက်ပါစေသား ) သခင် အလျင် ပွင့်တော်မူခဲ့သော တမန်တော် အီဗရာဟင်မ် (အလ္လာဟ်အရှင်မြတ် ဘက်တော်မှ ငြိမ်းချမ်းသာယာမှု အပေါင်းသည် ထိုတမန်တော်မြတ် အပေါ်သို့ကျရောက်ပါစေသား ) သခင် သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အရ မိမိ၏ သားတော် တမန်တော် အီစမာအီးလ် (အလ္လာဟ် အရှင်မြတ်ဘက်တော်မှ ငြိမ်းချမ်းသာယာမှု အပေါင်းသည် ထိုတမန်တော်မြတ် အပေါ်သို့ကျရောက်ပါစေသား ) သခင် အား ထိုအရှင့်ကို ရည်စူး၍
( ဇဗ်ဟ် ) ပြု လည်လှီး
လှူဒါန်းရန် ပေါ်ပေါက်လာခဲ့သည်။ ဤသည့်
အကြောင်း အချင်းအရာနှင့် ပတ်သက်၍
တမန်တော်အီဗရာဟင်မ် ( عليه السلام) သခင်သည်
သားတော် တမန်တော် အီစမာအီးလ် ( عليه السلام ) သခင်အား အသိပေးပြောကြားခဲ့လေသည်။ ထိုအခါ တမန်တော် အီစမာအီးလ် (
عليه السلام ) သခင်သည် ( အို……. ဖခမည်းတော် အသင့်ရဲ့ အရှင်က အသင့်ကို အမိန့်ပေးသည့် အတိုင်း အသင်ပြုမူဆောင်ရွက်ပါလေ။ မုချဧကန် အသင်သည် ကျွန်ုပ်အား သည်းခံမြိုသိပ်သူ အဖြစ်တွေ့ရပေမည်။ ) ဟု မိမိ၏ ဖခင် တမန်တော်အီဗရာဟင်မ် ( عليه السلام) သခင်အား ဒွိဟ သံသယမရှိ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို အကောင်အထည်ဖော်ရန်နှင့် မိမိသည်လည်း
ထိုအရှင်မြတ်၏ အမိန့်တော်ကို စိတ်ရောကိုယ်ပါ ခန္ဓီတရားထားလျက် ကျေနပ်နှစ်သက် လိုက်နာ ပါရမီဖြည့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မဆိုင်းမတွ တိုက်တွန်း
အားပေးစကားကို တုန့်လေ၏။ ထိုအခါ
တမန်တော်အီဗရာဟင်မ် ( عليه السلام) သခင်သည်လည်း
အလွန်သည်းခံမြိုသိပ်လျက် မိမိ၏ သားတော် တမန်တော် အီစမာအီးလ် (
عليه السلام ) သခင်အား ဆော်ဒီအာရေးဗျပြည် မက္ကဟ်မြို့ရှိ မရ်ဝဟ် အရပ်သို့ခေါ်ဆောင်လာခဲ့ပြီးလျှင် ၀မ်းလျားမှောက် အိပ်စေ၍ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အတိုင်း

( الذبح ) ပြု လည်လှီးရန် ပြင်ဆင်လေတော့သည်။ ထိုသို့ ( الذبح ) ပြု လည်လှီးရန် ဆဲဆဲမှာပင် ရုတ်တရက် အလ္လာဟ်အရှင်မြတ်၏ဘက်တော်မှ ကောင်းကင်တမန်တော် ဂျီဗရာအီးလ် ( عليه السلام ) သခင်သည် မိုးကောင်ကင်မှ ကြွမြန်းလာပြီး တမန်တော် အီစမာအီးလ် ( عليه السلام ) သခင်အစား ( جنة ) သုခဘုံ နတ်ပြည်မှ ( كبش ) ခေါ်တွင်သော သိုးသတ္တ၀ါ အနွယ်ဝင် သတ္တ၀ါတစ်ကောင်အား ( الذبح ) ပြု လည်လှီးစေခဲ့သည်။ ဤသည်ကား အလ္လာဟ်အရှင်မြတ်ဘက်တော်မှ အလွန်ကြီးကျယ်သော စမ်းသပ်မှုတရပ်ဖြင့် ဆုလာဘ်တစ်ခုသာလျှင်ဖြစ်ပေတော့သည်။

ဤကဲ့သို့ အချင်းအရာများကို ထောက်ရှုခြင်းအားဖြင့် ဘာသာတရားနှစ်ခုကို ပြန်လည်လေ့လာ သုံးသပ်ကြည့်သော်……… သိကြားမင်းသည် ဗုဒ္ဓမြတ်စွာဘုရား၏ သဒ္ဓါတရားထက်သန်မှုကို စမ်းသပ်ခဲ့သလို အလ္လာဟ်အရှင်မြတ်သည်လည်း တမန်တော်အီဗရာဟင်မ် ( عليه السلام) သခင် နှင့် တမန်တော် အီစမာအီးလ် ( عليه السلام ) သခင်တို့၏ တသွေမတိမ်း လိုက်နာတတ်သော သည်းခံမြိုသိပ်စိတ်နှင့် သဒ္ဓါတရားစိတ်အား ထက်သန်မှုတို့ကို နောင်လာနောက်သားများ အမြဲသတိရနေစိမ့်သောငှာ လက်တွေ့ကျကျ စမ်းသပ်ပြခဲ့လေသည်။ သိကြားမင်းအဖို့ ယုန်သူတော်၏ ခန္ဓာနှင့် အသားသည် အကျိုးမရှိသကဲ့သို့ အလ္လာဟ်အရှင်မြတ်၏ထံတော်ပါး၌လည်း တမန်တော်အီစမာအီးလ် ( عليه السلام ) သခင်၏ခန္ဓာနှင့် ထိုသိုးသတ္တ၀ါတို့၏ အသားများသည် မည်သို့မျှ အကျိုးခံစားမှု အလျှင်း လုံးဝ ( လုံးဝ ) မရှိပေ။ အဖန်းဆင်းခံတည်းဟူသော လူသားသည် ဖန်ဆင်းရှင်တည်းဟူသော တဆူတည်းသော ကိုးကွယ်ခြင်း အခံထိုက်ဆုံးတော်မူသော အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို မည်ရွေ့ မည်မျှ မည်လောက် လိုက်နာဆောင်ရွက်သင့်သည်။ လိုက်နာဆောင်ရွက်သနည်း ဟူ၍သာ စမ်းသပ်မှု တရပ်ကို မီးမောင်းထိုး ပြသလိုက်ခြင်းသာလျှင်ဖြစ်သည်။ဤကဲ့သို့ အလွန်ကြီးကျယ်သော စမ်းသပ်မှုနှင့် အံ့မခန်းသော သည်းခံမြိုသိပ်စိတ်ဖြင့် လိုက်နာတတ်သော စိတ်နှလုံးပိုင်ရှင်များအား အတုယူ စံနမူနာထားနိုင်ရန် အစ္စလာမ် သာသနာတော်တွင် ထိုအဖြစ်အပျက်သည် အထိန်းအမှတ် တစ်ခုအနေဖြင့်သော်လည်းကောင်း ဘာသာရေး ကျင့်ဝတ်တစ်ခု အနေဖြင့်သော်လည်းကောင်း ယနေ့ထက်တိုင် ထိုဘာသာဝင်များက လိုက်နာဆောင်ရွက် ပြုမူ ကျင့်စောင့်တည်နေကြခြင်း သာလျှင်ဖြစ်ပေသည်။ ထိုနေ့ကို အီးဒ်နေ့ဟုခေါ်ပါသည်။

ဤသည် ဘာသာတရားနှစ်ခုကို လေ့လာနှိုင်းယှဉ်ချင်းအားဖြင့် ရရှိလာသော တူညီသော အချက်တချက်ပေတည်း။ သို့သော် မတူညီ သယောင်ရှိနေသော ညှိနှိုင်း၍ရနိုင်သော အချက်တစ်ချက်မှာ…… ဗုဒ္ဓဘာသာတွင် မိမိကိုယ်တိုင်မှလွဲ၍ အခြားသူတပါးက သတ်ဖြတ် အသားဖော်ပေးထားသော သားကောင်၏ အသားကို စားသုံးနိုင်ပေသည်။ အပြစ်မဖြစ်ပေ။ သို့ရာတွင် မိမိ ကိုယ်တိုင် သတ်ဖြတ် အသားဖော်၍ စားသုံးခြင်းသည် အပြစ်ဖြစ်ပေသည်။

အစ္စလာမ် သာသနာ၌ မူကား…… အလ္လာဟ်အရှင်မြတ်က စားသုံးခွင့်ပြုထားသော သားကောင်များကို အစ္စလာမ် သာသနာဝင် တစ်ဦးဦးကဖြစ်စေ မိမိကိုယ်တိုင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်၏ နာမံတော်ကို တိုင်တည်၍ ပြဋ္ဌာန်းထားသော သီးသန့်ပုံစံ နည်းစနစ်အတိုင်း ( الذبح ) ခေါ် လည်ပင်းသွေးကြောများအား ဖြတ်တောက်ပြီး အသားဖော်ထားမှသာလျှင် စားသုံးနိုင်ပေမည်။

ဗုဒ္ဓဘာသာဝင်များက အစ္စလာမ် သာသနာဝင်များအပေါ် အမြင်စောင်းနေသည့် အချက်မှာ အခြားကြီးကြီးမားမားမဟုတ်။ ကိုယ်တိုင် အသားဖော် စားသုံးပိုင်ခြင်း မပိုင်ခြင်း ကိစ္စလေးတွင်သာ အမြင်ရှုပ်ထွေးနေကြခြင်းသာ ဖြစ်သည်။ သည်လိုဆိုရင် အစကတည်းက တူညီပြီးခါမှ အဖျားရှူးလေးမှာမှ လာပြီးရှုပ်ထွေး ရစ်ထုံးနေတဲ့ ဒီကိစ္စလေးကို ကျွန်ုပ်တို့ လူသားများပီပီ စနစ်တကျ ယုတ္တိဆန်ဆန် အဆင့်ဆင့် စဉ်းစားတွေးခေါ်တတ်ဖို့ လိုလာပေပြီ။ စဉ်းစားကြည့်ကြရအောင်…………

ဗုဒ္ဓဘာသာဝင်များက ပြောကြသည် သူတပါး အသက်အား သတ်ဖြတ်ခြင်းသည် ပါဏာတိပါတကံထိုက်၍ အပြစ်ကြီးဖြစ်လေသည်။ သို့သော် အခြားသူတပါးက သတ်ဖြတ် အသားဖော်ပေးထားသော သားကောင်၏ အသားကို စားသုံးနိုင်ရုံမက ဘုရားဆွမ်းတော် ကပ်ခြင်း ရဟန်းသံဃာများအား ကပ်လှူခြင်း နှင့် အများပြည်သူများအား လှူဒါန်းကျွေးမွေးနိုင်ပေသည်။ အပြစ်မဖြစ်ပေ။ လှူဒါန်းသော အကျိုးကုသိုလ်ကိုပင် ရရှိပေမည်ဟု ပြောကြသည်။

အစ္စလာမ် သာသနာဝင်များကဆိုကြသည်။ အစ္စလာမ် သာသနာတွင် သူတပါး အသက်အား သတ်ဖြတ်ခြင်းသည် ပါဏာတိပါတကံထိုက်၍ အလွန် အပြစ်ကြီးလေသည်။ အဘယ်မျှဆိုသော် သူတပါး အသက်အား သတ်ဖြတ်ဖို့ မဆိုထားနှင့် မိမိအိမ်တွင် မွေးမြူထားသော ကြောင်ကလေး တစ်ကောင်ကိုပင် အစာ၊ ရေစာ ပုံမှန်တိုက်ကျွေးပြုစုရန် တာဝန်ရှိပေသည်။ အကယ်၍ ပျက်ကွက်ခဲ့သော် အလွန်ကြီးလေးသော အပြစ်ထိုက်ပေသည်။ အကယ်၍ ပျက်ကွက်မှုကြောင့် ကြောင်ကလေး သေဆုံးခဲ့သော် အပာယ်ငရဲသို့ပင် လားရနိုင်ဖွယ်ရှိပေသည်။ မိမိအိမ်တွင် မွေးမြူထားသော ကြောင်ကလေး တစ်ကောင်ကိုပင်မဆိုထားနှင့် လမ်းဘေးတွင် ရေငတ်နေသော ခွေးကလေး တစ်ကောင်ကိုပင် ကိုယ်ချင်းစာ မေတ္တာတရားထား၍ ရေတိုက်ကျွေးပေးခဲ့သည်ရှိသော် ဤမပြောပလောက်သော ကိစ္စလေးကို အကြောင်းခံ၍ နတ်ပြည်သုခဘုံသို့ လားရနိုင်ဖွယ်ရှိသည်။ အစ္စလာမ် သာသနာတော်၌် ကြောင်တစ်ကောင်ကြောင့် ငရဲကျခဲ့ရပြီး ၊ ခွေးတစ်ကောင်ကြောင့် သုခဘုံရောက်ရှိခဲ့သော တကယ့်သမိုင်းဖြစ်ရပ်မှန်များရှိခဲ့သည်။ ဟု …. အစ္စလာမ် သာသနာက သတ္တ၀ါများအပေါ် မေတ္တာထားရန် အထူးပင် လှုံ့ဆော် အားပေးထားကြောင်း အသားစားသုံးခြင်းနှင့်ပါတ်သက်၍လည်း သာသနာတော်က ခွင့်ပြုထားသော အသားများကိုသာ စားသုံးပိုင်ကြောင်း ခွင့်ပြုချက် မရှိသော အသားများ…… ဥပမာ ၀က်၊ကျား၊၀ံ စသည်တို့ကို အစ္စလာမ် သာသနာဝင် တစ်ဦးဦးက အလ္လာဟ်အရှင်မြတ်၏ နာမံတော်ကို တိုင်တည်၍ ပြဋ္ဌာန်းထားသော သီးသန့်ပုံစံ နည်းစနစ်အတိုင်း ( الذبح ) ခေါ် လည်ပင်းသွေးကြောများအား ဖြတ်တောက်ပြီး အသားဖော်ပေးထားရင်တောင် မစားသုံးပိုင်ရုံမျှမက ထိုအသားကို လှူဒါန်း၍ပင် မပိုင်ကြောင်း သို့သာမက သူတစ်ပါး အသက်ကို အကြောင်းမဲ့ သတ်ခဲ့သည့် အတွက် အပြစ်သာထိုက်မည့် အကြောင်း အစ္စလာမ် သာသနာက ပိတ်ပင်တားမြစ်ထားသည့် ကိစ္စရပ်တိုင်းကို မိမိကိုယ်တိုင် မကျူးလွန် ရှောင်ကြဉ်ရသလို အခြား သူတပါးကိုလည်း ကျူးလွန်နိုင်အောင် အားမပေးထားကြောင်း အကယ်၍ အခြား သူတပါးကို ကျူးလွန်နိုင်အောင် အားပေး အားမြှောက် ပြုခဲ့သည်ရှိသော် မိမိကိုယ်တိုင် ထိုအမှုကို ကျူးလွန်သကဲ့သို့ အပြစ်ထိုက်ကြောင်း အလ္လာဟ်အရှင်မြတ်သည် လူသားများအတွက် သတ္တ၀ါပေါင်းစုံကို ဖန်းဆင်းပေးထားကြောင်း ထိုသတ္တ၀ါများအနက် အချို့ကို စားသုံးရန် စားနှပ်ရိက္ခာ အဖြစ်လည်းကောင်း အချို့ကို စီးနှင်းရန်အတွက် အစီးအနှင်းများ အဖြစ်လည်းကောင်း အချို့ကို အသုံးတော်ခံများ အဖြစ်လည်းကောင်း အချို့ကို သဘာဝ ဘေးပတ်ဝန်းကျင်အရ လည်းကောင်း လူသားများနှင့် လိုက်လျောညီထွေစွာ ဖန်ဆင်းပေးထားကြောင်း ယေဘုယျအားဖြင့် အသားစားသုံးပိုင်သော သတ္တ၀ါများသည် အသားမစားသုံးပိုင်သော သတ္တ၀ါများထက် မျိုးပွားရှင်ထန်ကြီးထွားနှုန်းမှာ သာပိုကြောင်း အကယ်၍ အသားစားသုံးပိုင်သော သတ္တ၀ါများကို လူသားများအားလုံးက မစားသုံးပဲ ရှောင်ကြဉ်ခဲ့ကြသော်….. ယနေ့ ကမ္ဘာတွင် ထိုအသားစားသုံးပိုင်သော သတ္တ၀ါများနှင့်ပင် နေရာလပ်မရှိ ပြည့်နှက်နေမည်ဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ် ဖန်းဆင်းပေးထားသော သတ္တ၀ါအားလုံးကို တန်ဖိုးထားရမည်ဖြစ်ကြောင်း အသေးအသိမ် မပြုသင့်ကြောင်း ထို အရှင်မြတ်က စားသုံးရန် သတ္တ၀ါများကို ဖန်းဆင်းချီးမြှင့်ပေးထား၍သာ ကျွန်ုပ်တို့လူသားများက စားသုံးနေရသဖြင့်၊ အဖန်ဆင်းခံကျေးကျွန်များပီပီ ဖန်ဆင်းရှင် အရှင်သခင်အား ချီးမွှမ်းသတိရတမ်းတစိမ့်သောငှာ အသားစားသုံးပိုင်သော သတ္တ၀ါများကို
ထိုအလ္လာဟ်အရှင်မြတ်၏
နာမံတော်အား တိုင်တည်၍ ပြဋ္ဌာန်းထားသော သီးသန့်ပုံစံ နည်းစနစ်အတိုင်း ( الذبح ) ခေါ် လည်ပင်းသွေးကြောများအား ဖြတ်တောက်၍ အသားဖော်စားသုံးနေကြရကြောင်း ၊ ထို့ကြောင့်
ထိုသတ္တ၀ါများကို ပြဋ္ဌာန်းထားသော ပုံစံမှလွဲ၍ အခြားသော ညှဉ်းပန်း နှိပ်စက်ရာရောက်စေမည့်
ပုံစံဖြင့် သတ်ဖြတ်အသားဖော် စားသုံး၍မပိုင်ကြောင်း ၊ အရွယ်ရောက်ပြီးသား
သားကောင်များကိုသာ အသားဖော်စားသုံးခွင့်ရှိကြောင်း ၊ ထိုသတ္တ၀ါများအား
လည်ပင်းသွေးကြောများအား ဖြတ်တောက် ရာ၌ အသုံးပြုသောဓါးများကိုလည်း ကြိုတင်၍ ထက်ထက်
မြက်မြက်ရှိနေစေရန် သွေးထားပြီး၊ လှီးဖြတ်ရာ၌လည်း လျင်လျင် မြန်မြန်ပြုရမည့်
အကြောင်း ၊ သို့မှာလည်း ထိုသတ္တ၀ါသည် နာကျင်မှုဝေဒနာကို စက္ကန့်ပိုင်းအတွင်းသာ
ခံစားရမည်ဖြစ်ကြောင်း ၊
လည်ပင်းသွေးကြောများအား ဖြတ်တောက် ရာ၌လည်း ခေါင်းတခြား
၊ ကိုယ်တခြားဖြစ်သွားလောက်အောင် မလှီးဖြတ်သင့်ကြောင်း ၊ အသားစားသုံးပိုင်သော
သတ္တ၀ါများကို အလ္လာဟ်အရှင်မြတ်၏ နာမံတော်ကို တိုင်တည်၍ ပြဋ္ဌာန်းထားသော သီးသန့်ပုံစံ နည်းစနစ်အတိုင်း ( الذبح ) ခေါ် လည်ပင်းသွေးကြောများအား ဖြတ်တောက်ခြင်းသည်လည်း ကျန်းမာရေးရှု့ထောက်နှင့်
ညီညွှတ်ကြောင်း ၊ ထိုသို့ လည်ပင်းသွေးကြောများအား ဖြတ်တောက်လိုက်ခြင်းအားဖြင့်
ကိုယ်ခန္ဓာတစ်ခုလုံးတွင်လည်ပတ်နေသောသွေးများရှိ ရောဂါဘေးဘယဖြစ်နိုင်သော
ဘက်တီးရီးယားပိုးမွှားများသည် လည်ပင်းသွေးကြောများမှတဆင့် ပြင်ပသို့
သွေးများနှင့်အတူ ပန်းထွက်လာမည်ဖြစ်ကြောင်း ၊ စသည်ဖြင့် စသည်ဖြင့်
အစ္စလာမ့်ပညတ်ချက်များကို တင်ပြကြသည်။

အစ္စလာမ် သာသနာတော်နှင့် အီးဒ်နေ့ ( ခေါ် ) ပျော်ရွှင်ဖွယ်ရာနေ့ကြီးရက်မြတ်........

ဘာသာတရား အားလုံးတွင် ဘာသာရေးအလိုက် ကိုယ်စီကိုယ်စီ ပျော်ပွဲ ၊ ရွှင်ပွဲများရှိသလို အစ္စလာမ် သာသနာတော်တွင်လည်း အီးဒ်နေ့ ( ခေါ် ) ပျော်ရွှင်ဖွယ်ရာနေ့ကြီးရက်မြတ်များ ရှိပါသည်။ မြန်မာစာပေနှင့်
လေယူလေသိမ်းတွင် အာရဗီ စကားလုံးဖြစ်သော (
عيد ) အီးဒ် ဟူ၍ မရှိ၍သာ
မြန်မာလူမျိုးမွစ္စလင်မ်များနှင့် အခြားဘာသာဝင်များသည် မိမိတို့၏ အလွယ်တကူ
လေယူလေသိမ်းဖြင့် ( အစ် ) ဟု အသံထွက်ခေါ်ဝေါ်နေကြခြင်းသာလျှင် ဖြစ်ပေသည်။ အမှန်မှာ (
အစ် ) မဟုတ်ပေ။ ( အီးဒ် ) ဖြစ်ပေသည်။ အာရဗီ အဘိဓာန်အရ အဓိပ္ပာယ်များစွာ အနက်ရပေမဲ့
အာရဗ်လူမျိုးများက များသောအားဖြင့် ဤ (အီးဒ် ) ဟူသောစကားလုံးကို ပျော်ပွဲ ၊
ရွှင်ပွဲများတွင် အသုံးတွင်ကျယ်ကြပေသည်။ ခရစ္စမတ်နေ့ ၊ မွေးနေ့ စသည့်
ပျော်ရွှင်ဖွယ်နေ့ထူးများကို ( အီးဒ် ) ဟူသော စကားလုံးနှင့်
သက်ဆိုင်ရာနေ့များအားတွဲဖက်၍ အသုံးပြုခေါ်ဝေါ်ကြလေသည်။

အစ္စလာမ် သာသနာတော်တွင် ( عىيد الأضحي ) ခေါ် အီးဒ်နေ့ရက်မြတ်ကြီး ရောက်လာသောအခါ တတ်နိုင်သောသူများက သတ်မှတ်ထားသော ခြေလေးချောင်း သတ္တ၀ါများကို သတ်မှတ်ထားသော အချိန်ကာလအတွင်း ပြဋ္ဌာန်းထားသည့် နည်းစနစ် အတိုင်း စနစ်တကျ ( الذبح ) ခေါ် လည်ပင်းသွေးကြောများအား ဖြတ်တောက်စေ၍ အသားဖော်ပြီးချက်ချင်း
အလှူ့ရှင်ကိုယ်တိုင်၎င်းအသားကို ချက်ပြုတ်စားသုံးနိုင်သလို မိမိ၏ဆွေမျိုး ၊ မိတ်ဆွေ ၊
အပေါင်းအသင်း ၊ အိမ်နီးချင်းနှင့် သူဆင်းရဲများကို ပေးလှူကျွေးမွေးနိုင်လေသည်။

အီးဒ်နေ့၌ ( ဇဗ်ဟ် )ပြု အသားဖော်မည့် သတ္တ၀ါများနှင့် ပတ်သက်၍ အချို့သောပညတ်ချက်များ။ (အကျဉ်းချုံ့)

၁။ အလှူ့ရှင်သည်အကျိုးကုသိုလ်ကို မျှော်ကိုး၍ အရှင်မြတ်ခိုင်းသည့် အမိန့်ကိုလိုက်နာ အကောင်အထည်ဖော်ကြောင်း စိတ်တွင်း၌ ရည်စူးရမည်။

၂။ အရွယ်ရောက်ပြီးသော ကုလားအုပ်၊ နွား၊ သိုး၊ ဆိတ် စသည့် ခြေလေးချောင်း သတ္တ၀ါများဖြစ်ရမည်။

၃။ အီးဒ်နေ့၌ ( ဇဗ်ဟ် )ပြု အသားဖော်မည့် သတ္တ၀ါများသည် အတွင်း၊ အပြင်အနာအဆာများမှ ကင်းစင်နေရမည်။

၎။ အီးဒ်နေ့မနက် ၀တ်ပြုပြီးနောက် သတ်မှတ်ထားသော အီးဒ်သုံးရက်တာကာလ အတွင်းတာ ( ဇဗ်ဟ် )ပြု အသားဖော်ရမည်။

အီးဒ်နေ့၌ ( ဇဗ်ဟ် )ပြုလုပ်ရခြင်း၏ သဘောထား အမျှော်အမြင်များ........

အစ္စလာမ်သာသနာ၌ မည်သည့် အမိန့်ပညတ်ချက်မဆို ပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်များနှင့် ယုတ္တိဆန်သော သဘောထား အမျှော်အမြင်များသည် တနည်းမဟုတ်တနည်း ဆက်စပ်နေပေသည်။ ယခုဤ ပညတ်ချက်တွင်လည်း ဖြောင့်မှတ်
မှန်ကန် ထက်မြက်သော အစ္စလာမ် သာသနာတော်၏ဓါးသွားအောက်တွင် မိမိတို့၏နှလုံးသားလည်ဂုတ်များအား
စင်းပေးရန် အသင့်ဖြစ်နေပါပြီ။ မိမိတို့သည်လည်း သူဆင်းရဲချမ်းသာမရွေး
တစ်မျိုးတည်းသောအသားကိုသာစားသုံးပြီး တဆူတည်းသော ဖန်ဆင်းရှင်၏ အမိန့်တော်များကို
တညီတညွှတ်တည်း စည်းစည်းလုံးလုံး လိုက်နာရန် အသင့်ဖြစ်နေပါပြီ။ ဟု လက်တွေ့သံဝေဂသတိတရားရရန်
သရုပ်ဖော်လုပ်ဆောင်စေခြင်းသာ ဖြစ်ပေသည်။ ထို့အတူ ထိုအသားများကို
မိမိနှင့်အိမ်သူအိမ်သားများက ပျော်ပျော်ရွှင်ရွှင် စားသုံးရသလို အချင်းချင်း
ပိုမိုချစ်ခင် ရင်းနှီးလာစေရန် လက်ဆောင်များသဖွယ် ဆွေမျိုးရင်းချာများ ၊
အပေါင်းသင်းမိတ်ဆွေများ ၊ အိမ်နီးနားချင်းများနှင့် သူဆင်းရဲများထံသို့
ပေးဝေလှူဒါန်းရပေမည်။ဤကဲ့သို့ဖြင့် ပျော်ရွှင်ဖွယ်ရာနေ့ရက်များကို အရှင်မြတ်အား
သတိရတမ်းတရင်း သဘာဝကျကျ အဓိပ္ပာယ်ရှိရှိ ကုန်ဆုံးရပေမည်။ဤတွင် ကျမ်းမြတ်ကုရ်အာန်အား
မြန်မာဘာသာသို့ ပြန်ဆိုသူ သီရိပျံချီ ဃာဇီဦးဟာရှင်မ်၏ အာဘောအား အသစ်တဖန်
ပြန်လည်အသက်သွင်းရင်း ကျွန်တော့်စာအား နိဂုံးချုပ်ရမည်ဆိုလျှင်.......

( لن ينال الله لحومها ولادماؤها ولكن يناله التقوى منكم كذلك سخرهالكم لتكبرالله علي ماهدىكم وبشرالمحسنين )

အဓိပ္ပာယ်….. ၃၇။ အလ္လာဟ်အရှင်မြတ် အထံတော်သို့ ယင်းကုရ်ဘာနီသားကောင်၏ အသားများသည် အလျင်းရောက်ရှိသည် မဟုတ်ပေ။ ထိုနည်းတူစွာ ယင်းကုရ်ဘာနီသားကောင်တို့၏ အသွေးများသည်လည်း အလျင်းရောက်ရှိသည် မဟုတ်ပေ။ စင်စစ် အသင်တို့၏ ရိုသေလေးစားမှု အမိန့်တော်ကို ရိုသေလိုက်နာမှု ကောင်းမြတ်သော အကျင့်သီလသည်သာလျှင် ထိုအရှင်မြတ် အထံတော်သို့ ရောက်ရှိပေသည်။ ဤနည်းနင်နင် အသင်တို့သည် မိမိတို့အား တရားလမ်းမှန်ကို ညွှန်ပြတော်မူသောကြောင့် အလ္လာဟ်အရှင်မြတ် ကြီးမြတ်တော်မူကြောင်း ရွတ်ဆို ချီးကျူးကြအံ့သောငှာ ထိုအရှင်မြတ်သည် ယင်းကုရ်ဘာနီသားကောင်များကို အသင်တို့၏ လက်အောက်ခံများ ပြုလုပ်ထားတော်မူပေသည်။ အို-နဗီတမန်တော် အသင်သည် စေတနာဖြူစင်သောသူတို့အား ၀မ်းမြောက်ဖွယ် သတင်းကောင်းကို ပြောကြားပါလေ။

ကုရ်ဘာနီ၏ သဘောတရား…….

အလ္လာဟ်အရှင်မြတ်သည် ဤအာယတ်တော်တွင် ကုရ်ဘာနီ၏ ( Philosophy ) သဘောတရားကို မိန့်ဆိုထားတော်မူသည်။ ဆိုလိုသည်ကား သားကောင်များကို လှီးဖြတ်၍ အသားများကို မိမိတို့ကိုယ်တိုင် စားသုံးရုံမျှဖြင့်သော်လည်းကောင်း၊ သူတစ်ပါးတို့အား ဝေငှ ကျွေးမွေးရုံမျှဖြင့်သော်လည်းကောင်း၊ သားကောင်များ၏ သွေးများကို သွန်းရုံမျှဖြင့်သော်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ နှစ်သက်တော်မူခြင်းကို မည်သည့် အခါ၌မျှ အလျှင်းခံစားနိုင်မည် မဟုတ်ပေ။ ဤသည့်အသားများနှင့် သွေးများသည် အလ္လာဟ်အရှင်မြတ်၏ထံတော်ပါးသို့ အလျှင်းရောက်ရှိသည် မဟုတ်ပေ။ ထိုအရှင်မြတ်၏ထံတော်ပါးသို့မူ ထိုအရှင်မြတ်အား ချစ်ကြည်မြတ်နိုးသောအားဖြင့် အဖိုးထိုက်တန်သော၊ နှစ်လိုဖွယ် ပစ္စည်းများကို ထိုအရှင်မြတ်၏ အမိန့်တော်အရ ထိုအရှင်မြတ်အားရည်စူးလျက် ထိုအရှင်မြတ်၏ အိမ်တော်ပါးသို့ ယူဆောင်လာပြီးလျှင်၊ ထိုအရှင်မြတ်၏ နာမံတော်ကို ရွတ်ဆိုတသကာ ကြည်ဖြူစွာ ကုရ်ဘာနီပြုလုပ်ကြရန် စေ့ဆော်သည့် ( တာက္က၀ါ ) ရိုသေလေးစား ခန့်ညားမှုတည်းဟူသော ထက်သန်လှသည့်စေတနာ သဒ္ဓါတရားသည်သာလျှင် ထိုအရှင်မြတ်ထံတော်ပါးသို့ ရောက်ရှိသွားပေမည်။ တစ်နည်းအားဖြင့် ကုရ်ဘာနီပြုလုပ်သောသူများသည် သားကောင်များကို ကုရ်ဘာနီပြုလုပ်ပြီး ( မိမိတို့သည်လည်း ဤအတိုင်းပင် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ ကုရ်ဘာနီဖြစ်ရန်၊ စွန့်ခြင်းကြီးစွန့်ရန် အသင့်ရှိကြပါသည် ) ဟု ထုတ်ဖော်ပြလိုက်ခြင်းပင်ဖြစ်သည်။

ထို့ကြောင့် စစ်မှန်သော ဗုဒ္ဓဘာသာကို သိရှိလိုလျှင် ပိဋိကတ်ကျမ်းဂန်များကို လေ့လာလိုက်စားရမည်ဖြစ် သကဲ့သို့ စစ်မှန်သော အစ္စလာမ်သာသနာတော်ကို သိရှိလိုလျှင်လည်း မှန်ကန်သော ကုရ်အာန်ကျမ်းမြတ်ကို လာရောက်လေ့လာပါအုံးလို့ မအိမ်ခြူးစံ ကိုဖိတ်ခေါ်ရင်း ဒီနေရာကနေ ခေတ္တခဏ နှုတ်ဆက်လိုက်ပါတယ်။

If you like this please Link Back to this article...

1 comment :

  1. မာရှာအလ္လာဟ်.....အလ္လာဟ်ရှင်ဂျန္နသ်ပေတော်မူပါစေ......

    ReplyDelete

မှတ်ချက်များတွက် ကျေးဇူးတင်တယ်။

Related Posts Plugin for WordPress, Blogger...

ရေခဲ့သမျှ လစဉ်