Saturday, May 21, 2011

ရေသုံး၍မရသောအခါတယမ်မွမ် ပြုလုပ်ရန်သိကောင်းစရာများ

                   ရေသုံး၍မရသောအခါတယမ်မွမ် ပြုလုပ်ရန်သိကောင်းစရာများ
                                                                   
       အစ္စလာမ်ဘာသာတွင် တာဟာရောတ် ပါက်ဆာဖ် သန့်ရှင်းစင်ကြယ်စွာနေထိုင် အလွန်အရေးကြီးသည်။သို့ဖြင့်ရေများသုံးစွဲရသည်။
ရေသုံးမရသောအခါ တယမ်မွမ်ပြုလုပ်ရန် ကျမ်းမြတ်ကွရ်အန်တွင် အောက်ပါအတိုင်းညွှန်ကြားလေသည်။

          အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်း တို့၊ အသင်တို့သည် "ဆွလာတ်" ၀တ်ပြုရန် ထကြသောအခါ မိမိတို့၏ မျက်နှာများကို
လည်းကောင်း၊ လက်များကို တံတောင်ဆစ်ပါလည်းကောင်း၊ ဆေးကြောကြလေကုန်။ ထိုနည်းတူစွာ အသင်တို့၏ ဦးခေါင်းများကို
ပွတ်သပ်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏ ခြေများကိုလည်း ခြေမျက်စိများပါ (ဆေးကြောကြလေကုန်)။ သို့ရာတွင်
အကယ်၍အသင်တို့သည် ‘"ဂျနုဗ်"ခန္ဓာကိုယ်မသန့်သော သူများဖြစ်၍ (ရေသုံးသပ်ရန် ထိုက်နေကြပါလျှင် တစ်ကိုယ်လုံးကို) သန့်စင်
အောင် ပြုကြလေကုန်။၎င်းပြင် အကယ်၍ အသင်တို့သည် ဝေဒနာရှင်များ ဖြစ်နေကြသော်လည်းကောင်း၊ ခရီးသည်များဖြစ်နေကြ
သော်လည်းကောင်း၊ သို့တည်းမဟုတ် အသင်တို့အနက် တစ်စုံတစ်ယောက်သောသူသည် ကျင်ကြီး ကျင်ငယ်စွန့်ရာမှ ပြန်ခဲ့သည်ရှိ
သော်လည်းကောင်း၊ သို့မဟုတ် အသင်တို့သည် (မိမိတို့၏)ဇနီးမိန်းမများနှင့် မေထုန်သံဝါသ ပြုခဲ့ကြသည်ရှိသော်လည်းကောင်း၊ ပြီးနောက် အသင်တို့သည် ရေကိုမရရှိခဲ့ကြပါလျှင်စင်ကြယ်သန့်ပြန့်သော မြေကြီးဖြင့် "သယမ်မွန်မ် "ပြုကြလေကုန်။ ထို(ကဲ့သို့ "သယမ်မွန်မ် "ပြုသော)အခါ အသင်တို့သည်(လက်ဝါးနှစ်ဖက်ဖြင့် မြေကြီးကိုရိုက်ပုတ်၍) မိမိတို့၏ မျက်နှာနှင့် လက်များကို ထိုမြေကြီး
ဖြင့်ပွတ်သပ်ကြလေကုန်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ အပေါ်၌ ကျဉ်းကြပ်မှုကို ပြုလုပ်ရန်ရည်ရွယ်တော် မူသည်မဟုတ်။ သို့ရာတွင် ထိုအရှင်မြတ်သည်အသင်တို့အား သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ရန် နှင့် မိမိကျေးဇူးတော်ကို အသင်တို့အဖို့ အပြည့် အစုံပေးသနားတော်မူရန်သာ ရည်စူးတော်မူလေသည်။ သို့မှသာလျှင်အသင်တို့သည် ကျေးဇူတော် ကိုသိတတ်သူများ ဖြစ်တန်ကြရာ
လေသတည်း။(ကွရ်အန်- ၅း ၆ )


တယမ်မွမ်အကြောင်း
တယမ်မွမ်၏  အနက်အဓိပ္ပာယ်မှာ ရည်ရွယ်ခြင်းနှင့်  အဓိဋ္ဌာန်ပြုခြင်းဖြစ်၏ ။  တယမ်မွမ်သည် အရေးပေါ်သောအခါ ဝဇူနှင့်ရေချိုးခြင်း၏ အစားဖြစ်သွားလေသည်။ ထို့ပြင် ဤထူးခြားချက်မှာ အွမ်မသေ့မုဟမ္မဒီယာများအဖို့သာ ဖြစ်လေသည်။
          ဟဇရသ်ဟု ဇိုင်ဖွာသခင်က ကိုယ်တော်မြတ် (စလ္လမ်) ၏သြဝါဒတော်တစ်ရပ်ကို ဆင့်ပြန်တော်မူခဲ့သည်။ ကိုယ်တော်က
ကျွန်ုပ်တို့အား ရှေးယခင် အွမ်မသ်သားတို့ထက် ထူးမြတ်ချက်သုံးရပ် ပေးသနားတော်မူပေသည်။ ယင်းထူးမြတ်ချက်မှ တစ်ရပ်ကား ရေ မရရှိသောအခါဝယ် အရှင်မြတ်သည် ကျွန်ုပ်တို့အတွက် မြေကောင်းမြေသန့်ကို ရေအစား ပြုပေးတော်မူ၏ ။ (မွတ်စလင်မ်)
အဓိပ္ပာယ်။      ။ မြေကောင်းမြေသန့်သည် မွတ်စလင်မ်အား သန့်ပြန့်စေသည်။ အကယ်၍ ဆယ်နှစ်တိုင်တိုင် ရေမရရှိခဲ့မူ ရေရရှိလာသောအခါ ရေဖြင့်ခန္ဓာကို ဆေးကြောပစ်ရပေမည်။ (အဗူဒါဝုဒ်) (သိရ်မေဇီ) (အဟ်မဒ်)
         သဘောမှာ ယေဘုယျအားဖြင့် မဖြစ်နိုင် အကြံနိုင်သော အရာကိုပင် ပမာထား၍ အကယ်၍ လူတစ်ဦးအား ဆယ်နှစ်တာ ကာလထက်ကျော်လွန်၍ ယုတ်စွအဆုံး သေဆုံးကွယ်လွန်သည် အထိတိုင် ရေသုံးစွဲနိုင်စွမ်း မရှိခဲ့သော် တယမ်မွမ်ပြု၍ နမာဇ်ဖတ်နေ
ရပေမည် ။
          ဆယ်နှစ်၏ အတိုင်းအတာကို သုံးစွဲထားခြင်းဖြင့် တယမ်မွမ်၏ လေးနက်ပုံနှင့် ထူးမြတ်ပုံကို သဘောပေါက် နားလည်းစေရန် ရည်စူးထားခြင်း ဖြစ်ပေသည် ။
တယမ်မွမ်၏ စည်းကမ်းချက်များ
          တယမ်မွမ် အထမြောက်ရန်အတွက် အောက်ပါ စည်းကမ်းချက်များ ပါရှိရန် အရေးကြီးပေ၏ ။
          (၁) မွတ်စလင်မ်ဖြစ်ခြင်း ။
          (၂) အပျိုဘော်ဝင်ခြင်း ။
          (၃) ဦးနှောက် အသိရှိခြင်း ။
          (၄) ဝဇူမဲ့ခြင်း သို့မဟုတ် ရေချိုးရန် တာဝန်ရှိခြင်း ။
          (၅) တယမ်မွမ် ပြုနိုင်သောအရာများကို သုံးစွဲနိုင်ခြင်း ။
          (၆) တယမ်မွမ် ပြုခဲ့သော နမာဇ်၏အချိန် ကျရောက်ခြင်း။
          (၇) ရည်စူးသော နမာဇ်၏ နောက်ဆုံးအချိန်ကျရောက်ခြင်း ။(၄င်းကို မဖတ်ခဲ့လျှင် ကဇွာ ဖြစ်ရန်ရှိခြင်း စသည်များ           ဖြစ်လေသည် ။)
တယမ်မွမ်၏ ဖရပ်ဇ်အချက်များ
          (၁) နိယတ် ခေါ် အဓိဋ္ဌာန်ပြုခြင်း ။
          (၂) လက်ဖဝါးနှစ်ဘက်ကို သန့်ပြန့်သော မြေပေါ်ရိုက်ပြီး မျက်နှာအနှံ့အပြား ပွတ်သပ်ခြင်း ။
          (၃) ဒုတိယအကြိမ် လက်ကို မြေနှင့်ရိုက်ပြီး လက်ကိုတံတောင်ဆစ် အပါအဝင် ပွတ်သပ်ခြင်း ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁)
          လက် မြေရိုက်ပြီး လက်နှင့် မျက်နှာများ ပေမသွားစေရန် လက်နှစ်တက်ကို အနည်းငယ် ရိုက်၍ ခါပစ်ရပေမည် ။ (ဟေဒါယဟ်)

မတ်စ်အလဟ် ရှင်းလင်းချက် (၂)
          နိယတ်ပြုခြင်း၏ သဘောမှာ တယမ်မွမ်ပြုရန် အချိန်၌ ကျွန်ုပ်သည် သန့်ပြန်ရန်သော်လည်းကောင်း၊ နမာဇ် ဖတ်ရန်သော်လည်းကောင်း ၊ ရည်စူးပါ၏ဟု စိတ်တွင်း၌ ရည်စူးခြင်းဖြင့် နိယတ်ပြီး၏ ။ ဝဇူ၏ တယမ်မွမ်၊ ဂိုစွလ်(ရေချိုးခြင်း)၏ တယမ်မွမ် စသည်ကို ထုတ်ဖော်ရန် အရေးမကြီးပေ ။
(ဟေဒါယဟ်)
တယမ်မွမ်ပြုရန်နည်း
          တယမ်မွမ် မပြုလုပ်မီ အလျင်ဦးစွာ စိတ်အတွင်း၌ သန့်ပြန့်မှုရှိရန်သော်လည်းကောင်း ၊နမာဇ်ဆောက်တည်ရန်သော်လည်း
ကောင်း ၊သယမ်မွမ် ပြုအပ်ပါသည်ဟု ရည်စူးရပေမည်။ ထို့နောက်လက်ဖဝါးနှစ်ဘက်ကို မြေကောင်း မြေသန့်ပေါ်၌ ရိုက်၍ လက်ဖဝါးနှစ်
ဘက်ကို ခါ၍ မျက်နှာပေါ်သို့ ပွတ်သပ်ပါ ။ ထို့နောက် ဒုတိယအကြိမ် ထိုနည်းအတိုင်း လက်ကို မြေတွင်ရိုက်၍ ဥိးစွာ လက်ယာလက်ဖြင့် လက်ဝဲလက်ကို တံတောင်ဆစ် အပါအဝင် ပွတ်သပ်ပေးရမည်။ ပွတ်သပ်ရာတွင် နေရာလပ် မကျန်စေဘဲ အနှံ့အပြားရောက်စေရမည်။ အကယ်၍ ဆံချည်ပင်မျှ တစ်နေရာရာ၌ ကျန်လပ်ခဲ့မူ တယမ်မွမ် ထမြောက်မည် မဟုတ်ပေ။ (ဒွရ်ရေမွခ်သာရ်)
တယမ်မွမ်ပြုပိုင်ခွင့်ရှိသော အရာများ
အောက်ပါအရားအားလုံးဖြင့် တယ်မ်မွမ် ပြုပိုင်ခွင့်ရှိလေသည်။
(၁)မြေကောင်းမြေသန့်
(၂)သဲမြေ ။
(၃)ဆီပေမထားသော မြေအိုးမြေခွက် ။
(၄)အုတ်စိမ်းအုတ်ကျက် ။
(၅)ကျောက်နံရံအကာနှင့် ထုံးနံရံအကာ ။
(၆)မြေနီမြေဝါ ။
(၇)ဖုန်မှုန့် ။
(၈)စွရ်မာမှုန့် ။
(၉)မြေစေးစသည်များ (မုနိယာ)
တယမ်မွမ်ပြုခွင့်မရှိသော အရာများ
          အောက်ဖော်ပြပါအရာများအပေါ်၌ သယမ်မွမ်ပြုခွင့်မရှိပေ ။
          ၁ ။ သစ် ၊ ၂ ။ သံ ၊ ၃ ။ ရွှေ ၊ ၄ ။ငွေ ၊ ၅ ။ကြေးနီ ၊၆ ။ကြေးဝါ၊ ၇ ။စတီး၊ ၈ဲ ။မှန်၊ ၉။ ခဲမဖြူ ၊ ၁၀။ သံဂျွတ်၊၁၁ ။ဂျုံစေ့ ၊ ၁၂။ ဂျုံမှုန့်နှင့် သီးနှံမျိုးစုံ၊ ၁၃။ အဝတ်အစား ၊ ၁၄။ပြာမှုန့် စသည်အရာများ ။
တယမ်မွမ်၏ ဥပဒေတစ်ရပ်
          တယမ်မွမ်နှင့် စပ်လျဉ်း၍ ဥပဒေတစ်ရပ် မှတ်သားထားရမည်မှာ မီး၌ပျော်သော အရာ များနှင့် လောင်ကျွမ်းသော အရာမှန်သမျှ အပေါ်တွင် သယမ်မွမ် ပြုခွင့် မရှိချေ ။
          သို့ဖြစ်လေရာ ၄င်းအရာ များပေါ်တွင် လက်ရာထင်နိုင်သော ဖုန်မှုန့်များ ရှိနေပါမူ ထိုအခါ ၄င်းအရာများအပေါ်၌ တယမ်မွမ်ပြုခွင့် ရှိလေသည် ။ (မုနိယာ)
တယမ်မွမ် ပျက်စေသောအရာများ
          အကြင်အခါ ရေသုံးစွဲမှု ရှိခဲ့ပါနိုင်ခြင်း ထိုအခါ တယမ်မွမ်ပျက်သွားပေလိမ့်မည် ။ ၄င်းအပြင် ဝဇူပျက်စေသော အကြောင်းများသည် တယမ်မွမ်ကိုလည်း ပျက်ပြားစေ၏ ။
တယမ်မွမ်၏ အချို့အရေးကြီးသော မတ်စ်အလဟ်များ
မတ်စ်အလဟ် ရှင်းလင်းချက် (၁)
          အကယ်၍ ဝဇူပြုရန်နှင့် ရေချိုးရန်အတွက် ရေမရရှိမှု သို့မဟုတ် ရေသုံးစွဲနိုင်စွမ်း မရှိမှု သို့မဟုတ် ရေသုံးစွဲခြင်းဖြင့် ဖျားနာ
ရောဂါ ဖြစ်မည်ဟု စိုးရိမ်ရသော် ဤသို့သော မသက်သာမည့် အကြောင်းများဖြင့် တယမ်မွမ် ပြုခွင့်ရှိ၏ ။ (ဟေဒါယဟ်) ၄င်း၏သဘော
ကို ထပ်လောင်း မှတ်သားထားရန်မှာ တယမ်မွမ် ပြုပိုင်ရန်အတွက် အထူး စည်းကမ်းချက်မှာ ရေသုံးစွဲနိုင်မှု မရှိခြင်း ဖြစ်လေသည် ။
မတ်စ်အလဟ် ရှင်းလင်းချက် (၂)
          အကယ်၍ တစ်ဦးတစ်ယောက်အား ရောဂါဝေဒနာကြောင့် ရေစိမ်းဖြင့် ရေချိုးရန် ထိခိုက်စေမည်။ ရေနွေးဖြင့် ထိုခိုက်မှု မရှိဆိုသော် ထိုအခါ ရေနွေးဖြင့် ရေချိုးရန်အရေးကြီး၏ ။ အကယ်၍ရေနွေး မရနိုင်သော နေရာဖြစ်နေပါမူ အခြေအနေ မပေးသော ကြောင့် တယမ်မွမ်ပြု၍ နမာဇ် ဖတ်ရပေမည် ။(ဟေဒါယဟ်)
မတ်စ်အလဟ် ရှင်းလင်းချက် (၃)
          အကယ်၍ လူတစ်ဦးသည် အလွန် ခိုက်ခိုက်တုန်အောင် ချမ်း၍ရေခဲလု အေးမြသောနေရာသို့ ရောက်နေ၏ ။ရေချိုးလျှင်အအေး
ဒဏ် ကြောင့် သေနိုင်ကြောင်း၊ သို့မဟုတ် ရောဂါတိုးနိုင်ကြောင်း၊ သို့မဟုတ် မိမိထံတွင် ရေချိုးပြီး ဘေးဥပါဒ် မဖြစ်ပေါ်စေရန်အတွက် ကာကွယ်ရန် အနွေးထည်သော် လည်းကောင်း၊ စောင်သော် လည်းကောင်း မရှိမှု ထိုအခါမျိုးတွင်လည်း တယမ်မွမ်ပြုခွင့်ရှိလေသည်။
(မုနိယာ)
မတ်စ်အလဟ် ရှင်းလင်းချက် (၄)
          ဝဇူနှင့် ရေချိုးခြင်းအတွက် တယမ်မွမ် တစ်ကြိမ်တည်းပင် လုံလောက်၍ သီးခြားစွာပြုလုပ်ရန် မလိုအပ်ပေ ။  (အလမ်ဂီရ်)                                        
မတ်စ်အလဟ် ရှင်းလင်းချက် (၅)
          အကယ်၍ တစ်ဦးတစ်ယောက်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် ကျောက်ရောဂါကြီး သို့တည်းမဟုတ် အနာဖုကြီးများ ထွက်နေ ၍ ဝဇူ ပြုရန် ရေကိုင်၍ပင် မဝံ့လျှင် ထိုအခါ ရေကို အသုံးမပြုဘဲ တယမ်မွမ်ပြု၍ နမာဇ်ဖတ်နိုင်ပေသည် ။ (မုနိယာ)
မတ်စ်အလဟ် ရှင်းလင်းချက် (၆)
အလားတူ လူတစ်ဦးတစ်ယောက်သည် အဖျားကြီးနေ၏ ။ ဝဇူပြုခြင်းဖြင့် ရောဂါတိုးနိုင်မည်ကို စိုးရိမ်ရလျှင် တယမ်မွမ် ပြုပိုင်၏ ။ ထိုသို့ မဟုတ်ပါက မပိုင်ချေ ။
မတ်စ်အလဟ် ရှင်းလင်းချက် (၇)
          မသက်သာသဖြင့် ရေအစား သယမ်မွမ်ပြုနိုင်ဘိသကဲ့သို့ အလားတူ ရေချိုးခြင်း အစား၌လည်း သယမ်မွမ် ပြုပိုင်၏ ။ အလားတူ ကိုယ်မသန့်သော အမျိုးသမီးသည် ကိုယ်သန့်ပြီးနောက် ရေချိုးနိုင်စွမ်း မရှိသေးလျှင် ၄င်းသည်လည်း သယမ်မွမ် ပြုပိုင်၏ ။(မုနိယာ)
မတ်စ်အလဟ် ရှင်းလင်းချက် (၈)
          ဝဇူနှင့် ရေချိုးခြင်း၏ တယမ်မွမ်မှာ တစ်မျိုးတည်းသာ ဖြစ်၏ ။ (မုနိယာ)
မတ်စ်အလဟ် ရှင်းလင်းချက် (၉)
          တစ်ဦးတစ်ယောက်သည် နမာဇ်တစ်ကြိမ်အတွက် တယမ်မွမ် ပြုလုပ်ခဲ့၏ ။ ထိုတယမ်မွမ် မပျက်သရွေ့ နမာဇ်အကြိမ်ပေါင်းများစွာ
ကို ဖတ်ပိုင်၏ ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁၀)
          အကယ်၍ တယမ်မွမ် ပြုသောအခါတွင် လက်စွပ်ဝတ်ထားမူ ၊၄င်းကို ချွတ်ထားခြင်း သို့မဟုတ် လှည့်ကစားပေးရန် အရေးကြီး၏ ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁၁)
          ခရီးသွားနေစဉ် မိမိထံတွင် သောက်သုံးရန် ရေအနည်းငယ်သာ ရှိ၏ ။ရှေ့ခရီးတွင် ရေရနိုင်ရန် မျှော်လင့်ချက်မရှိဆိုသော် ထိုအခါ ၄င်းရေဖြင့် ဝဇူ မလုပ်ရပေ ၊တယမ်မွမ်ပြု၍သာ နမာဇ်ကို ဖတ်လိုက်ရပေမည် ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁၂)
          တစ်ဦးတစ်ယောက်တွင် ခန္ဓာကိုယ်နှင့် အဝတ်အစားများမသန့်ဖြစ်နေ၏ ။ ထို့ပြင် ဝဇူပြုရန်လည်း လိုအပ်နေ၏ ။ရေက လည်းအနည်းငယ်သာ ရှိ၏ ။ ထိုအခြေအနေတွင်ခန္ဓာကိုယ်နှင့် အဝတ်အစားကိုသာ ဆေးကြောလိုက်ရမည် ၊ထို့နောက် ဝဇူအစား တယမ်မွမ် ပြုလိုက်ရပေမည် ။(ဗဟဲရှ်သီးဇေဝရ်)
မတ်စ်အလဟ် ရှင်းလင်းချက် (၁၃)
         တစ်ဦးတစ်ယောက်သည် ကုရ်အာန် ကျမ်းမြတ်ကို ဖတ်ရန်သော်လည်းကောင်း ၊မ, ယူရန်သော်လည်းကောင်း တယမ်မွမ် ပြုခဲ့၏ ထိုတယမ်မွမ်နှင့် နမာဇ်ဖတ်ခွင့် မရှိချေ ထို့ပြင် တယမ်မွမ်သည် ရေရှိနေပါလျှင် အထ မမြောက်ပေ ၊နမာဇ် ဝတ်ပြုရန်အတွက် ပြုအပ်သော
သယမ်မွမ်ဖြင့်မူ ကုရန်အာန်ကိုလည်း ကိုင်တွယ်နိုင်၏ ။ (မုနိယာ)
မတ်စ်အလဟ် ရှင်းလင်းချက် (၁၄)
          မီးရထားအတွင်းရှိ ထိုင်ခုံများတွင် တင်လျက်ရှိနေသော ဖုန်များ ၊ရွှံ့ခဲများသည် သန့်၏ ။ သံသယ ရှိစရာမလို ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁၅)
          ရထားအတွင်း၌ ခရီးသည်များ ဖိနပ်စီး၍ သွားလာကြသော နေရာ၏ မြေမှုန်သည် မသန့်ဖြစ်၏ ၊ထို့ကြောင့် ၄င်းဖြင့်တယမ် မွမ် မပိုင်ချေ ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁၆)
          တစ်ဦးတစ်ယောက်သည် နံနက်အိပ်ရာမှ နေထွက်လှနီးချိန်၌နီးခဲ့၏ ။၎င်းသည် ရေချိုးရန်လည်း တာဝန်ရှိနေ၏ ။ထိုအခါ ဦးစွာ ရေချိုးရမည် ။ထို့နောက်တွင် နမာဇ် ဖတ်ရပေမည် ။နမာဇ် ကဇွာ ဖြစ်မည်ကို စိုးရိမ်၍ တယမ်မွမ်ပြုလုပ် ပြုခွင့်မရှိ ။
မတ်စ်အလဟ် ရှင်းလင်းချက် (၁၇)
          ပရ်ဒါ အပြည့်အဝရှိသော အမျိုးသမီးတစ်ဦးသည် ရေရ ယူရန် နည်းလမ်း မမြင်သောနေရာသို့ ရောက်နေ၏ ။ထို့ပြင် နောက် နမာဇ် အချိန်လည်း စေ့လုနီး ဖြစ်သွား၏ ။ထိုအခါ လတ်တလော ချက်ချင်း တယမ်မွမ်ပြု၍ ဖတ်လိုက်ရမည် ။ကဇွာ မပြု လိုက်ရ။ ထို့နောက်တွင် ၄င်းနမာဇ်ကို ထပ်မံ ဖတ်လိုက်ရပေမည် ။(ဖသဝါဒါရွလ်အုလွမ် အတွဲ၁၊ စာမျက်နှာ - ၂၂၃)
မှတ်ချက်။     ။ဟဇရသ် မော်လာနာ ကာရီ ရှရီဖ် ပါကစ္စတန်၏ သအ်လီမွန် နိဆာအ်၊ မြန်မာပြန် မော်လာနာ အဗ်ဒွရ် ကာဒရ်(မှော်ဘီ)
                  စာမျက်နှာ ၁၀၃ မှ ၁၀၆ မှ ကိုးကားတင်ပြထားခြင်းဖြစ်ပါသည်။
-------------------------------------------------------------------------------------------------------
အမှားတစ်တစ်ရာတွေ့ရှိပါက    kotinmaung2010@gmail.com  သို့မဟုတ်     comment 
ဖြင့် အကြောင်းကြားပေးပါရန်ပေးပါရန်လေးစားမေတ္တာရပ်ခံပါသည်။
------------------------------------------------------------------------------------------------------------
အထူးမေတ္တာရပ်ခံချက်။       ။အခြားဝပ်ဆိုဒ်တွင် ဤအကြောင်းအရာကို ကြိုတင် အကြောင်းမကြားဘဲလုံ့ဝမတင်ပါရန်၊
                                     ထိုကဲ့သို့တင်ခြင်းဖြင့် ၎င်းဝပ်ဆိုဒ်တွင် အငြင်းခုံ စောဒက အမျိုးမျိုးတက်နိုင်ပါသည်။

If you like this please Link Back to this article...

No comments:

Post a Comment

မှတ်ချက်များတွက် ကျေးဇူးတင်တယ်။

Related Posts Plugin for WordPress, Blogger...